ဗြိတိန် ဆက်သွယ်ရေးဂြိုဟ်တုတွေကို အာကာသအတွင်း ရုရှ လွှတ်တင်

ဗြိတိန် ဆက်သွယ်ရေးဂြိုဟ်တုတွေကို အာကာသအတွင်း ရုရှ လွှတ်တင်
Photo - AFP

ဒီဇင်ဘာ ၁၉ ၊ ၂၀၂၀

ရုရှနိုင်ငံရဲ့ အရှေ့စွန်းပိုင်းဒေသက Vostochny အာကာသလွှတ်တင်ရေးစခန်းကနေပြီး ဆိုယုဇ်ဒုံးပျံယာဉ်နဲ့ ဗြိတိန်ရဲ့ ဆက်သွယ်ရေးနဲ့ အင်တာနက်ဂြိုဟ်တု ၃၆ လုံးကို တင်ဆောင်ပြီး သောကြာနေ့မှာ လွှတ်တင်ခဲ့ကြောင်း Roscosmos အာကာသအေဂျင်စီက ပြောပါတယ်။

အဲဒီ လွှတ်တင်ရေးစခန်းကနေ အခုနှစ်အတွင်းမှာ ပထမဆုံးနဲ့ တစ်ခုတည်းသော ဂြိုဟ်တုလွှတ်တင်မှုဖြစ်တယ်လို့ အေဂျင်စီက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

ဂရင်းနစ်စံတော်ချိန် ၁၂ နာရီ ၂၆ မိနစ်မှာ ဆိုယုဇ်ဒုံးပျံယာဉ်ဟာ ဗြိတိန်အခြေစိုက် OneWeb ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ဂြိုဟ်တုတွေကို တင်ဆောင်ပြီး အာကာသထဲ ပျံတက်သွားခဲ့တာပါ။ 

အခု လွှတ်တင်မှုကို ကနဦးက ဧပြီမှာ လွှတ်တင်ဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် OneWeb ကုမ္ပဏီ ပြိုလဲပြီး ဒေဝါလီခံရကြောင်း ကြေညာခဲ့ရတာကြောင့် ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လမှာတော့ ဗြိတိန်အစိုးရနဲ့ အိန္ဒိယနိုင်ငံက ဆက်သွယ်ရေးနည်းပညာကုမ္ပဏီကြီး Bharti တို့ဟာ အဲဒီ ကုမ္ပဏီကို ထိန်းချုပ်ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြုပ်နှံမှု စတင်ခဲ့တာပါ။

လန်ဒန်အခြေစိုက် OneWeb ကုမ္ပဏီဟာ ကမ္ဘာတစ်လွှားက နိုင်ငံတွေဆီ ရုပ်သံထုတ်လွှင့်မှုနဲ့ အခြားဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် အနိမ့်ဂြိုဟ်ပတ်လမ်းမှာ ဆက်သွယ်ရေးဂြိုဟ်တု အစုအဝေး လည်ပတ်ထားရှိနိုင်ဖို့အတွက် တည်ဆောက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီ ကုမ္ပဏီရဲ့ ပထမဆုံး ဂြိုဟ်တု ခြောက်လုံးကို ၂၀၁၉ ဖေဖော်ဝါရီမှာ ရုရှလုပ် ဆိုယုဇ်ဒုံးပျံနဲ့ ပြင်သစ် ဂိုင်ယာနာမှာ ရှိတဲ့ လွှတ်တင်ရေးစခန်းကနေ ဦးဆုံးလွှတ်တင်ခဲ့တာပဲ ဖြစ်ပါတယ်။

အခုနှစ် ဖေဖော်ဝါရီမှာလည်း ကာဇက်စတန် လွှတ်တင်ရေးစခန်းကနေ ကုမ္ပဏီရဲ့ ဂြိုဟ်တု ၃၄ လုံးကို လွှတ်တင်ခဲ့ပြီး မတ်လမှာ နောက်ထပ် ၃၄ လုံးကို လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ ဆက်သွယ်ရေးဂြိုဟ်တုပေါင်း ၆၅၀ ခန့်နဲ့ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားဖြစ် အင်တာနက်ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် စီမံချက်ချ ဖော်ဆောင်နေတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly