ကိုဗစ်-၁၉ နောက်ဆက်တွဲအဖြစ် စိတ်ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ ဖြစ်နိုင်ဟုဆို  

ကိုဗစ်-၁၉ နောက်ဆက်တွဲအဖြစ် စိတ်ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ ဖြစ်နိုင်ဟုဆို  

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ကိုဗစ်ပိုးသည် အဆုတ်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများအပြင် ဦးနှောက်အာရုံကြောကိုလည်း တိုက်ခိုက်သည့်အတွက် ၎င်းရောဂါပိုးကူးစက်ခံရပါက နောက်ဆက်တွဲ အဖြစ် ဦးနှောက်နှင့် အာရုံကြောပြဿနာများအပြင် စိတ်ကျန်းမာရေးထိခိုက်သည်အထိဖြစ်နိုင်ကြောင်း နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကြီး စိတ်ကျန်းမာရေးဌာန ပါမောက္ခ ဒေါက်တာဆန်းလင်းက မဇ္ဈိမကို ပြောသည်။

“ကိုဗစ်ဗိုင်းရပ်စ်ပိုးက နှာခေါင်းအနံ့ခံအာရုံကြောအပေါက်နဲ့ သွေးလည်ပတ်မှုစနစ်ကနေ ဦးနှောက်ထဲဝင်တာရှိတယ်။ ဝင်တဲ့အချိန် အာရုံကြောတွေကို သူကိုယ်တိုင် တိုက်ခိုက်တာကြောင့် အနံ့မရတာတွေ၊ အရသာပျောက်တာတွေ ဖြစ်တယ်။ စိတ်ရှုပ်ထွေးတာတွေ၊ ကယောင်ကတမ်းတွေ ဖြစ်တယ်။ သွေးထဲမှာ အောက်စီဂျင်ကျလို့ ဦးနှောက်မှာလည်း အဲ့လိုဖြစ်တဲ့အတွက် အဲ့ဒီဒဏ်တွေကြောင့်လည်း ဦးနှောက်ထိခိုက်ပြီး နောက်ပိုင်း ဦးနှောက်အာရုံကြောရောဂါနဲ့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်လည်း စိတ်ကျန်းမာရေးထိခိုက်နိုင်တယ်” ဟု ၎င်းက ပြောသည်။

ကိုဗစ်ဖြစ်ပွားမှု ကာလကြာရှည်လာသည်နှင့်အမျှ ကိုဗစ်-၁၉ ရောဂါအန္တရာယ်နှင့် ပတ်သက်သည့် စိုးရိမ်မှုများရှိလာခြင်း၊ Stay at Home အပါအဝင် ရောဂါကာကွယ်ရေးဆိုင်ရာ အမိန့်ကန့်သတ်ချက်များ လိုက်နာရခြင်း၊ ကိုဗစ်ကြောင့် ပြောင်းလဲသွားသည့် လူမှုရေးစီးပွားရေးအခက်အခဲများကို ရင်ဆိုင်ရခြင်း စသည့် အချက်များကြောင့် လူထုအကြား စိတ်ပိုင်းဆိုင်ရာပြဿနာများ ကြုံတွေ့ရနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

 “ICU တို့ဘာတို့မှာ အကြာကြီးတက်ရတာ၊ ကိုယ့်မိသားစုတွေ ဆုံးရှုံးလိုက်ရတွေကြောင့် စိတ်ဒဏ်ရာရပြီးတော့ ကိုဗစ်ကို အလွန်အကျွံကြောက်တဲ့ ပြဿနာ ဖြစ်နိုင်တယ်။ နောက်ကိုဗစ်က လူတိုင်းကို ထိခိုက်မှုရှိတယ်။ ကွာရန်တင်းဝင်ရတာ၊ လော့ဒေါင်းတွေအပြင် Stay Home ကာလမှာ လူလူချင်းထိတွေ့ဆက်ဆံမှုနည်းပါးသွားတဲ့အတွက် တယ်လီဖုန်းအင်တာနက်ကနေ ဆက်သွယ်လို့ ရတာတောင် စိတ်ဆာလောင်မှုဖြစ်တယ်။” ဟု ပါမောက္ခဒေါက်တာ ဆန်းလင်းက ပြောသည်။

ကိုဗစ်ကာလအတွင်း ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာပြဿနာများကို တစ်ဖက်တစ်လမ်းမှ ဖြေလျော့ပေးနိုင်ရေးအတွက် ဖုန်းဖြင့် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှုရယူနိုင်မည့်အစီအစဉ်ကို လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်ဆင့် ကူညီဆောင်ရွက်ပေးနေသကဲ့သို့ အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ကိုဗစ်ကာလတွင် နှစ်သိမ့်ဆွေးနွေးမှုခံယူရန်နှင့် သိလိုသည့် သတင်းအချက်အလက်များကို မေးမြန်းရန် ကြေညာထားသော ဖုန်းနံပတ်များကို ဆက်သွယ်လာမှုများမှာ ယခင်ကထက် များလာသော်လည်း လူထုအကြား ကြုံတွေ့နေရသည့်  စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို နှစ်သိမ့်ဆွေးနွေးမှုခံယူသည့် အလေ့အထအားနည်းနေသေးကြောင်း ကူညီဆောင်ရွက်နေသူများကပြောသည်။

 “ဥပမာ ဒီကိုဗစ်ကြောင့် အလုပ်အကိုင်တွေပျက်တယ်။ နေ့စဉ်ရနေတဲ့ ဝင်ငွေတွေ လျော့သွားတယ်။ အဲ့ဒီအတွက် စိတ်ညစ်၊ စိတ်ရှုပ်ရတယ်။ ရောဂါကူးစက်မလားဆိုပြီးတော့ စိုးရိမ်ကြောင့်ကြရတယ်။ အဲ့ဒီဖြစ်သွားတဲ့ စိတ်ခံစားမှုကို အားပေးနှစ်သိမ့်တယ်။” ဟု လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ဖုန်းဖြင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုအပိုင်းကို ကြီးကြပ်ဆောင်ရွက်ပေးနေသည့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးမြင့်က ပြောသည်။

မြန်မာနိုင်ငံသို့ ကိုဗစ်ကူးစက်လာသည့် မတ်လမှ ယခုအချိန်အထိ ကိုဗစ်ကာလအတွင်း ဖုန်းခေါ်ဆိုမှုပေါင်း ၃ဝဝ ကျော်ရှိသည့်အနက် ၇၅ ရာခိုင်နှုန်းမှာ လူငယ်နှင့် လူလတ်ပိုင်း အမျိုးသမီးများ ဖြစ်ပြီး အမျိုးသားများမှာ ၂၅ ရာခိုင်နှုန်းသာ ဆက်သွယ်မှုရှိကြောင်း ဖုန်းမှ တစ်ဆင့် ရင်ဖွင့်ဆွေး‌သည့် ဝန်ဆောင်မှုကို အခမဲ့ကူညီဆောင်ရွက်ပေးနေသော Call Me Today တည်ထောင်သူ ကိုကျော်ဇင်က ပြောသည်။

“ယောက်ျားလေးဆိုရင် လူငယ်လူလတ်ပိုင်းက မဆက်သလောက်ကို ရှားတယ်။ ဒီမှာ နှစ်သိမ့်ဆွေးမှုကို ရင်းနှီးလာတယ်၊ လူတွေ လက်ခံလာတယ်ဆိုသည့်တိုင်အောင် ယောက်ျားလေးတွေက ပတ်ဝန်းကျင်မှာ သတ်မှတ်ထားတာတွေ ရှိတယ်။ ယောက်ျားလေးဆိုရင် သန်မာရမယ်။ ပြဿနာဖြေရှင်းနိုင်ရမယ်။ မငိုရဘူးဆိုတာတွေကြောင့် ယောက်ျားလေးတွေက ရင်ဖွင့်တိုင်ပင်ဖို့အတွက် အဆင်သင့်မဖြစ်သေးတာ၊ ဒါဟာ အားနည်းတဲ့သူတွေ လုပ်တာလို့တောင် မြင်တာမျိုး ယောက်ျားလေးတွေမှာ ရှိနိုင်တယ်။” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားနေချိန် မတ်လ ၂၃ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့အထိ သုံးလခန့်အတွင်း မိမိကိုယ်ကိုအဆုံးစီရင်သူ ၄၇ဝ ဦးရှိခဲ့ရာ အမျိုးသား ၃၈၂ ဦး၊ အမျိုးသမီး ၈၈ ဦးဖြစ်ပြီး စိတ်ဖိစီးမှုကြောင့် အဆုံးစီရင်သူဦးရေက ၁၂၂ ဦးအထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရရှိသော အချက်အလက်ကို ကိုးကားပြီး The Voice ဂျာနယ်တွင်ပါရှိသည့် သတင်းဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။

စိတ်ပိုင်းဆိုင်ရာပြဿနာများကို ဆွေးနွေးနှစ်သိမ့်မှုခံယူခြင်းအားဖြင့် သက်သာစေခြင်း၊ လိုအပ်ပါက သက်ဆိုင်ရာစိတ်ကျန်းမာ‌‌ရေးဆရာဝန်များနှင့် ဆွေးနွေးပြသကုသမှုခံယူခြင်းများ ပြုလုပ်သင့်ကြောင်း ဒေါက်တာဆန်းလင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly