ဆန္ဒပြမှုများ ခေတ္တရပ်နားပြီး လာမည့်နှစ်၌ ပိုမိုအားကောင်းစွာဖြင့် ပြန်လာမည်ဟု ထိုင်းဆန္ဒပြသူများ ပြော

ဆန္ဒပြမှုများ ခေတ္တရပ်နားပြီး လာမည့်နှစ်၌ ပိုမိုအားကောင်းစွာဖြင့် ပြန်လာမည်ဟု ထိုင်းဆန္ဒပြသူများ ပြော

ဒီဇင်ဘာ ၁၅

ထိုင်းဆန္ဒပြသူများသည် ၎င်းတို့၏ ဆန္ဒပြမှုများကို ခေတ္တရပ်နားသွားမှာဖြစ်ပြီး လာမည့်နှစ်တွင် ပိုမိုသန်မာအားကောင်းစွာဖြင့် ပြန်လာမည်ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင်တစ်ဦးက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောသည်။

ယခုမတိုင်မီ ထိုင်းနိုင်ငံ၌ အစိုးရကို ဖယ်ရှားရန်နှင့် ဘုရင်၏ သြဇာကို ထိန်းချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ တောင်းဆိုရန် လများနှင့်ကြာ ဆန္ဒပြပွဲများ ပေါ်ပေါက်ထားခဲ့သည်။။

“ဒီနှစ်ကတော့ ချဉ်းကပ်မှုတစ်ခုမျှသာ ရှိပါသေးတယ်” ဟု လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်သည့် အာနွန် နမ်ပါက ပြောသည်။ အာနွန်သည် နှစ်များစွာအတွင်း ထိုင်းဘုရင်စနစ်အပေါ် အကြီးမားဆုံးသော စိန်ခေါ်မှုကို ဖြစ်စေခဲ့သည့် လှုပ်ရှားမှုတစ်ခု၏ အထင်ရှားဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

“ကျွန်တော်တို့ဟာ နှစ်သစ်ကူး အားလပ်ရက်တွေအတွင်း ခေတ္တ နားသွားမှာ ဖြစ်ပါတယ်၊ အဲဒါပြီးရင် လာမယ့်နှစ်မှာ ခုထက် ပိုတဲ့ ပြင်းထန်မှု၊ ခုထက် ပိုများမယ့် ပါဝင်သူအင်အားတွေနဲ့အတူ ပြန်လာမှာဖြစ်ပါတယ်” ဟု အာနွန်က ရဲစခန်းတစ်ခုရှေ့တွင် သတင်းထောက်များကို ပြောသည်။ အာနွန်သည် ဆန္ဒပြပွဲများအတွင်း ၎င်း၏ ပါဝင်ပတ်သက်မှုနှင့် ဆက်စပ်သည့် စွဲချက်များကို ရင်ဆိုင်ရန် ထိုရဲစခန်းတွင် လာရောက်သတင်းပို့ခဲ့သည်။

ထိုင်းနိုင်ငံတွင် လူငယ်ထု ဦးဆောင်သော ဆန္ဒပြလှုပ်ရှားမှုက ကနဦးပိုင်းတွင် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို ဖယ်ရှားရန် ကြိုးပမ်းခဲ့သည်။ ပရာယွတ်သည် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုတစ်ခုနှင့်အတူ ၎င်းရရှိထားခဲ့သည့် အာဏာကို ဆက်ထိန်းထားရန် ယမန်နှစ် ရွေးကောက်ပွဲတွင် အကြံအဖန် လုပ်ခဲ့ကြောင်း ဆန္ဒပြသူများက စွပ်စွဲခဲ့ကြသည်။ ပရာယွတ်ဘက်ကလည်း ရွေးကောက်ပွဲ မဲပေးမှုက တရားမျှတမှု ရှိခဲ့သည်ဟု ပြောသည်။

ယင်းနောက်ပိုင်း ဆန္ဒပြပွဲများသည် ပိုမို အရှိန်မြင့်လာခဲ့ပြီး ဘုရင် မဟာဝီဇရလောင်ကွန်း၏ သြဇာကို ထိန်းချုပ်ရေး ပြုပြင်ပြောင်းလဲမှုများအထိ တောင်းဆိုရင်း နိုင်ငံ၌ မပြောအပ်၊ မလုပ်အပ်ဟု တားမြစ်ထားမှုများကိုပါ ချိုးဖျက်ခဲ့ကြသည်။ ဆန္ဒပြသူများသည် ဖွဲ့စည်းပုံဥပဒေက ကြည်ညိုလေးစားမြတ်နိုးရမည်ဟု ပြောထားသည့် ဘုရင်အဖွဲ့အစည်းတစ်ခုအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ကြသည်။

ထို့ပြင် ဆန္ဒပြသူများသည် ပရာယွတ်၏ ယခင် စစ်အာဏာသိမ်းဂိုဏ်းက ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကိုလည်း ပြန်ပြင်ရေးဆွဲစေရေး အလိုရှိနေခဲ့ကြသည်။

ဆန္ဒပြသူများ လာမည့်နှစ်တွင် တဖန် ပြန်လည် စုဝေးလာနိုင်ကြောင်း၊ သို့သော် ငြိမ်းငြိမ်းချမ်းချမ်း ရှိမှသာလျင် ကောင်းမွန်လိမ့်မည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ အနူချာ ဘူရာပါချိုင်စရီက ရိုက်တာကို ပြောသည်။

“မတူညီတဲ့ ပါဝင်ပတ်သက်သူတိုင်းဟာ အတူတကွ တွေ့ဆုံပြီး ဖြေရှင်းချက်တစ်ခု ရှာနိုင်နေဆဲ ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားဆဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထိုင်းဘုရင်သည် သီတင်းပတ်ကုန်က တော်ဝင်စေတနာ့ဝန်ထမ်းများဆိုင်ရာ ကမ့်စခန်းတစ်ခု၌ အထက်တန်းကျောင်းသား ရာနှင့်ချီတို့ကို စကားပြောခဲ့စဉ် နိုင်ငံအပေါ် မေတ္တာထားရေးကို အလေးပေးပြောခဲ့ကြောင်း သိရသည်။

“လူတိုင်းဟာ သူတို့ရဲ့ အိမ်တွေကို ချစ်ကြပါတယ်၊ သူတို့ရဲ့ အိမ် ကျိုးကျပြိုပျက်တာကို ဘယ်သူမှ မမြင်ချင်ပါဘူး၊ ဘယ်သူကမှလည်း သူတို့ရဲ့ အိမ်ကို သူခိုးဓားပြတွေ လုယက်တာကို မြင်ချင်မှာမဟုတ်ပါဘူး၊ ဒီတော့ မိမိတို့ဟာလည်း မိမိတို့ရဲ့ အိမ်ဖြစ်တဲ့ မိမိတို့ နိုင်ငံကို ကာကွယ်စောင့်ရှောက်ကြရပါလိမ့်မယ်” ဟု ထိုင်းဘုရင်က ပြောခဲ့ကြောင်း ပြည်တွင်းသတင်းဌာန Matichon Online က ကိုးကားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly