ထောင်နဲ့ချီတဲ့ အိန္ဒိယတောင်သူတွေ စိုက်ပျိုးရေးဥပဒေပြုပြင်ပြောင်းလဲမှုတွေအပေါ် ဆက်လက်ဆန္ဒပြ 

ထောင်နဲ့ချီတဲ့ အိန္ဒိယတောင်သူတွေ စိုက်ပျိုးရေးဥပဒေပြုပြင်ပြောင်းလဲမှုတွေအပေါ် ဆက်လက်ဆန္ဒပြ 
Photo - AFP

ဒီဇင်ဘာ ၁၅ 

အိန္ဒိယတောင်သူတွေဟာ နိုင်ငံမှာ လယ်ယာစိုက်ပျိုးရေး ဥပဒေ ပြုပြင်ပြောင်းလဲမှုအပေါ် ဆန့်ကျင်တဲ့အနေနဲ့ ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်က နယူးဒေလီရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၃၀ အကွာရှိ ဆင်းန်ဟူ နယ်စပ်မှာ စုဝေးဆန္ဒပြပွဲတစ်ခုကို လုပ်ဆောင်ခဲ့ကြပါတယ်။ 

ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တုန်းကတော့ စျေးကွက်ပြုပြင်ပြောင်းလဲရေး ဥပဒေတွေအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေ အရှိန်မြင့်တက်လာခဲ့တာကို တွေ့မြင်ခဲ့ရပြီး တောင်သူတွေဟာ အဓိကကျတဲ့ အဝေးပြေးလမ်းမကြီးတွေကို ပိတ်ဆို့ထားဖို့ ကြိုးပမ်းခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ 

“အစိုးရဘက်က နောက်မဆုတ်ဘူးဆိုရင် ကျွန်တော်တို့ကလည်း ဆန္ဒပြမှုတွေကို ရပ်တန့်မှာ မဟုတ်ပါဘူး” လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ တောင်သူတစ်ဦးက ပြောခဲ့ပါတယ်။ 

“အစိုးရအနေနဲ့ ခုလို တောင်သူတွေကို လမ်းတွေပေါ်ရောက်လာစေမယ့် လုပ်ရပ်မျိုးတွေ မလုပ်ခဲ့သင့်ဘူး၊ တကယ်ဆိုရင် သူတို့အနေနဲ့ ကျွန်တော်တို့ တောင်သူတွေ လမ်းတွေပေါ်မှာ သကြားလုံးတွေ ဝေရင်း ကျွန်တော်တို့ကို ပျော်ရွှင်စေမယ့် ဥပဒေတစ်ခုကိုပဲ ပြဋ္ဌာန်းခဲ့သင့်ပါတယ်၊ ခုကျတော့ ကျွန်တော်တို့ကို လမ်းတွေပေါ် ထွက်ပြီး ဆန္ဒပြတဲ့ အခြေအနေအထိ ရောက်စေခဲ့တဲ့ ဥပဒေတွေကို သူတို့ ဖန်တီးခဲ့ကြတယ်လေ” လို့ တောင်သူတစ်ဦးဖြစ်တဲ့ ဂျက်စ်ဘီအာ ဆင်းန်က ပြောသွားပါတယ်။ 

“ပန်ဂျပ်မှာ ရှိတဲ့ လူတိုင်းက ကျွန်တော်တို့ကို ထောက်ခံအားပေးနေပါတယ်၊ နေအိမ်တိုင်းက လူနှစ်ယောက်၊ သုံးယောက်လောက် ဒီဆန္ဒပြပွဲမှာ ရောက်နေကြပါတယ်၊ ယုတ်စွအဆုံး အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ အသက် ၈၀၊ ၉၀ နှစ်အရွယ်တွေတောင် ဒီမှာ ဆန္ဒပြနေကြပါတယ်” လို့ တောင်သူတွေကို လိုက်လံပို့ဆောင်ပေးသူတစ်ဦးဖြစ်တဲ့ ဘာလီဟာ ဆင်းန် ဘိန်းစ်က ပြောသွားပါတယ်။ 

“ကျွန်တော်တို့ဟာ ဒီမှာ ဆက်နေပြီး ဆန္ဒပြဖို့ အပြည့်အဝ ပြင်ဆင်ထားပါတယ်၊ ဒါက အချိန် နှစ်လ ဒါမှမဟုတ် ခြောက်လအထိ ကြာမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က သဘောထား ပြောင်းလဲမှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြသွားမှာဖြစ်ပါတယ်” လို့ ၎င်းက ပြောသွားခဲ့ပါတယ်။ 

လက်ရှိအချိန်အထိတော့ တောင်သူလယ်သမားခေါင်းဆောင်တွေနဲ့ အစိုးရဝန်ကြီးတွေအကြား အကြိမ်ရေအချို့ တွေ့ဆုံစေ့စပ်ညှိနှိုင်းထားခဲ့ပေမယ့် သဘောတူညီချက် တစုံတရာ မရရှိသေးပါဘူး။ 

တောင်သူတွေကို သူတို့တွေရဲ့ ထုတ်ကုန်တွေကို လွတ်လပ်တဲ့ စျေးကွက်တွေဆီ ရောင်းချခွင့်ပြုတဲ့ ဥပဒေတွေကို ပြန်ရုပ်သိမ်းပေးဖို့၊ ဆယ်စုနှစ်များစွာကြာမြင့်နေပြီဖြစ်တဲ့ အာမခံချက်ရှိတဲ့ အနိမ့်ဆုံးနှုန်းထားစနစ်တစ်ခုကိုလည်း ဆက်ထိန်းသိမ်းပေးထားဖို့အတွက် စိုက်ပျိုးရေးသမဂ္ဂတွေက ဆန္ဒရှိနေကြတာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly