အိန္ဒိယမှာ ဆန္ဒပြမှုတွေ ပိုမိုဆိုးဝါးလာစဉ် တောင်သူတွေနဲ့ ရဲတွေ လမ်းတွေမှာ ထိပ်တိုက်တွေ့ 

အိန္ဒိယမှာ ဆန္ဒပြမှုတွေ ပိုမိုဆိုးဝါးလာစဉ် တောင်သူတွေနဲ့ ရဲတွေ လမ်းတွေမှာ ထိပ်တိုက်တွေ့ 
Photo: AFP

ဒီဇင်ဘာ ၁၄ 

အိန္ဒိယနိုင်ငံမှာ ဈေးကွက် ပြုပြင်ပြောင်းလဲရေး ဥပဒေတွေအပေါ် ဆန့်ကျင်ဆန္ဒပြနေတဲ့ သီတင်းပတ်နှစ်ပတ်ကြာ ကမ်ပိန်းတစ်ခု အရှိန်ပိုမြင့်လာနေချိန် ဒီဇင်ဘာ ၁၂ ရက်က အဓိက လမ်းမကြီးတွေနဲ့ မြို့တော်ဆီ သွားရာလမ်းတွေကို တောင်သူတွေ ပိတ်ဆို့သိမ်းပိုက်မှုတွေ လုပ်နေခဲ့တာကို အိန္ဒိယရဲတွေက တားဆီးခဲ့ပါတယ်။  

တာ့ဂျ်မဟာ ရှိရာ အက်ဂရာမြို့နဲ့ ဂျိုင်ပူအာမြို့တို့နဲ့ ဒေလီအကြား အဓိကအဝေးပြေးလမ်းမကြီးတွေကို ရာနဲ့ချီရှိတဲ့ တောင်သူအုပ်စုတွေ ပိတ်ဆို့မှုတွေ လုပ်နေခဲ့တာကို အင်အားအများအပြား ဖြန့်ကျက်ထားတဲ့ ရဲတွေက တားဆီးဟန့်တားခဲ့ပါတယ်။ 

အက်ဂရာဆီ သွားရာ အမြန်လမ်းမကြီးပေါ်မှာ တောင်သူတစ်ချို့ ထိန်းသိမ်းခံခဲ့ရသလို တချိန်တည်းမှာလည်းပဲ အခြားအုပ်စုနှစ်စုကလည်း အနည်းဆုံး တိုးဂိတ် နှစ်ခုကို သိမ်းပိုက်ထားပြီး ကားတွေ၊ ထရပ်ကားတွေကို အခကြေးငွေ မပေးစေဘဲ ဖြတ်သန်းခွင့်ပြုထားခဲ့ပါတယ်။ 

ထောင်နဲ့ချီတဲ့ တောင်သူတွေဟာ ဒေလီမြို့ထဲ ဝင်တဲ့ အဓိက လမ်းမကြီးနှစ်ခုကို ပိတ်ဆို့ထားပြီးဖြစ်သလို ဒီဇင်ဘာ ၁၂ ရက်က နောက်ထပ်လမ်းတွေကို ထပ်ပြီး သိမ်းပိုက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လုံခြုံရေး အပိတ်အဆို့တွေ ချထားတဲ့ ရဲတွေရဲ့ တားမြစ်မှုကို ခံခဲ့ရပါတယ်။ 

တောင်သူတွေဟာ ဒေလီမြို့စွန် ဂါဇီပူအာရှိ လမ်းမကြီးနဲ့ အပြိုင်ပြေးတဲ့ လမ်းငယ်ပေါ်မှာ ကျူးကျော်နေထိုင်နေခဲ့ကြပြီး လက်ယာယိမ်း အစိုးရကို ဆန့်ကျင်တဲ့ ကြွေးကြော်မှုတွေ အော်ဟစ်နေခဲ့ကြပါတယ်။ 

တောင်သူတွေရဲ့ ခေါင်းဆောင်တွေနဲ့ အစိုးရဝန်ကြီးတွေအကြား ဆွေးနွေးမှု အကြိမ်အရေအတွက်အချို့ လုပ်ထားခဲ့ပေမယ့် သဘောတူညီချက် မရဘဲ ဖြစ်နေခဲ့ပါတယ်။ 

တောင်သူတွေကို ၎င်းတို့ရဲ့ စိုက်ပျိုးထုတ်ကုန်တွေကို လွတ်လပ်တဲ့ ဈေးကွက်တွေဆီ ရောင်းချခွင့်ပြုထားတဲ့ ဥပဒေသုံးခုကို ရုပ်သိမ်းဖို့နဲ့ ဆယ်စုနှစ်များစွာကြာ အာမခံပေးထားတဲ့ အနိမ့်ဆုံး နှုန်းထား စနစ်တစ်ခု ဆက်လက်ထိန်းသိမ်းစေဖို့ကို စိုက်ပျိုးရေး သမဂ္ဂတွေက ဆန္ဒရှိနေတာဖြစ်ပါတယ်။ 

အစိုးရကတော့ ပြင်ဆင်ချက်တစ်ချို့ လုပ်ပေးဖို့ အသင့်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ 

ဆန္ဒပြမှုတွေကို မွိုက်အင်အားစုတွေက စိုးမိုးထားခဲ့တယ်လို့ အစားအသောက်နဲ့ စားသုံးသူရေးရာ ဝန်ကြီး ပီယွတ်ရှ် ဂိုယယ်က ပြောပါတယ်။ 

ဒါပေမယ့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီကတော့ ခု အပြောင်းအလဲတွေက တောင်သူတွေရဲ့ ဝင်ငွေတွေကို တိုးပွားစေလိမ့်မယ်ဆိုပြီး အာမခံပေးနိုင်ဖို့ ကြိုးပမ်းနေခဲ့ပါတယ်။ 

“ပြုပြင်ပြောင်းလဲမှုတွေက လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြုှပ်နှံမှုတွေ ရဖို့ ကူညီဆွဲဆောင်နိုင်ပါတယ်၊ ပြီးတော့ တောင်သူတွေကိုလည်း အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်” လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောသွားခဲ့ပါတယ်။ 

“အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ရတဲ့ ရည်ရွယ်ချက်က တောင်သူတွေကို ကြီးပွားချမ်းသာအောင် လုပ်ပေးဖို့ပါ၊ တောင်သူတွေ ကြီးပွားချမ်းသာလာရင် နိုင်ငံလည်း ကြီးပွားတိုးတက်ပါလိမ့်မယ်” လို့ မိုဒီက ပြောသွားပါတယ်။ 

ဒါပေမယ့်လည်း ပြုပြင်ပြောင်းလဲမှုတွေဟာ ထုတ်ကုန်တွေ ဝယ်ယူခွင့်ရမယ့် အရွယ်အစားကြီး ကော်ပိုရေးရှင်းတွေကိုပဲ အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ တောင်သူလယ်သမားခေါင်းဆောင်တွေက ပြောနေကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required