သတင်းရေးသားမှုအတွက် ထိန်းသိမ်းခံရသူတွေကို ပြန်လွှတ်ပေးဖို့ အီးယူက တရုတ်ကို တိုက်တွန်း 

သတင်းရေးသားမှုအတွက် ထိန်းသိမ်းခံရသူတွေကို ပြန်လွှတ်ပေးဖို့ အီးယူက တရုတ်ကို တိုက်တွန်း 
Photo - AFP

ဒီဇင်ဘာ ၁၃ 

ဘလွန်းဘာ့ဂ် (Bloomberg) သတင်းဌာနမှ ဝန်ထမ်းတစ်ဦး တရုတ်မှာ ထိန်းသိမ်းခံရတဲ့ ဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် သတင်းရေးသားဖော်ပြမှုနဲ့ ဆက်နွယ်ပြီး ထိန်းသိမ်းခံရတဲ့ ဂျာနယ်လစ်တွေနဲ နိုင်ငံသားအားလုံးကို ပြန်လွှတ်ပေးဖို့ တရုတ်အာဏာပိုင်တွေကို ဥရောပသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ 

ဘလွန်းဘာ့ဂ်ရဲ့ ပေကျင်းဗျူရိုမှ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ တရုတ်နိုင်ငံသူ ဟေ့ဇ် ဖန်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က သူမရဲ့နေအိမ်မှာ ရှိနေစဉ် အရပ်ဝတ် လုံခြုံရေးအရာရှိတွေက လာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ဘလွန်းဘာ့ဂ်သတင်းဌာနက ပြောပါတယ်။  

သူမကို နိုင်ငံလုံခြုံရေးအပေါ် အန္တရာယ်ဖြစ်စေမှု သံသယနဲ့ ထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ ပေကျင်းက ပြောပါတယ်။ 

“သတင်းရေးသားဖော်ပြမှု အလုပ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးသင့်ပါတယ်” လို့ အီးယူ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်တစ်စောင်မှာ ပြောပါတယ်။ 

ဒ့ါအပြင် သတင်းရေးသားဖော်ပြမှုမှာ ပါဝင်ပတ်သက်ခဲ့ပြီးနောက် အခြားသော တရုတ် ဂျာနယ်လစ်တွေ ဒါမှမဟုတ် နိုင်ငံသားတွေဟာလည်း ယခုနှစ်ထဲမှာ ပျောက်ကွယ်သွားတာ၊ ထိန်းသိမ်းခံရတာ၊ အနှောင့်အယှက်ပေးခံရတာတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

“လိုအပ်မယ်ဆိုရင် ဖန်ကို ဆေးကုသမှု အကူအညီတွေ ပေးဖို့၊ သူမ ရွေးချယ်တဲ့ ရှေ့နေနဲ့ တွေ့ဆုံနိုင်ဖို့၊ မိသားစုဝင်တွေနဲ့ အဆက်အသွယ်လုပ်နိုင်ဖို့အတွက် တရုတ်အာဏာပိုင်တွေဘက်က ခွင့်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့လည်း အီးယူရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

ဖန်ရဲ့ ကိစ္စကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်းတုန်းက ပြောခဲ့ပါတယ်။ 

ယခုအချိန်မှာ သူမနဲ့ပတ်သက်လို့ အလွန်စိုးရိမ်ပူပန်နေမိကြောင်းနဲ့ သူမနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ ထပ်သိရဖို့ ဆက်ပြီးကြိုးပမ်းနေတယ်လို့ ဘလွန်းဘာ့ဂ်က ပြောပါတယ်။ 

တရုတ်နိုင်ငံမှာ ရှိနေတဲ့ နိုင်ငံခြားသတင်းအဖွဲ့အစည်းတွေအတွက် တရုတ်နိုင်ငံသားတွေ သတင်းထောက်တွေအဖြစ် အလုပ်လုပ်ကိုင်မှုအပေါ် အစိုးရက တားမြစ်ထားပေမယ့် ၎င်းတို့ကို သတင်းအကူဝန်ထမ်းတွေအဖြစ် အလုပ်လုပ်ခွင့်တော့ ပြုထားပါတယ်။ 

၂၀၁၇ ခုနှစ်မှာ ဘလွန်းဘာ့ဂ်မှာ အလုပ်ဝင်ခဲ့တဲ့ ဖန်ကိုတော့ စီးပွားရေးသတင်းစတိုရီ အတော်များများမှာ ပါဝင်ရေးသားသူတစ်ဦးအဖြစ် အသိအမှတ်ပြုထားပါတယ်။ 

တရုတ်မှာ အလားတူ သံသယတွေနဲ့အတူ လူသိများတဲ့ တရုတ်ဖွား သြစတြေးလျ ဂျာနယ်လစ်တစ်ဦး ထိန်းသိမ်းခံရပြီး လတွေအကြာမှာ ခုလိုမျိုး ဖန် ထိန်းသိမ်းခံရမှု ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ 

တရုတ်နိုင်ငံပိုင် သတင်းဌာန CGTN ရဲ့ တီဗီ သတင်းအစီအစဉ်တင်ဆက်သူတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့တဲ့ ချန်းလေကတော့ ထိန်းသိမ်းခံရပြီးကတည်းက လူမြင်ကွင်းမှာ မတွေ့ရတော့ပါဘူး။ 

ချန်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ပြီး မကြာမီမှာပဲ အခြား သြစတြေးလျ သတင်းထောက်နှစ်ဦးဖြစ်တဲ့ ဘီလ် ဘာတဲလ်စ် နဲ့ မိုက်ကယ် စမစ်သ် တို့လည်း တရုတ်နိုင်ငံကနေ ကမန်းကတန်း ထွက်ခွာခဲ့ကြရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly