အမေရိကရှိ တရုတ်ကျောင်းသားများထံမှ ဉာဏပစ္စည်းနှင့် သုတေသန စာတမ်း ခိုးယူမှုအတွက်  ပေကျင်းအား ပွန်ပဲယို ပြစ်တင်ပြောဆို

အမေရိကရှိ တရုတ်ကျောင်းသားများထံမှ ဉာဏပစ္စည်းနှင့် သုတေသန စာတမ်း ခိုးယူမှုအတွက်  ပေကျင်းအား ပွန်ပဲယို ပြစ်တင်ပြောဆို

ဒီဇင်ဘာ ၁၃

အမေရိကတွင် ဆီနိတ်လွှတ်တော် ရွေးကောက်ပွဲများ မကျင်းပမီ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယို က ဗုဒ္ဓဟူးနေ့က တရုတ်အား အမေရိကန်ကောလိပ်များတွင် တက်ရောက်နေသော တရုတ်ကျောင်းသားများထံမှ သုတေသနစာတမ်းနှင့် ဉာဏပစ္စည်းခိုးယူမှုအတွက် ပြစ်တင်ပြောဆိုခဲ့သည်။

အတ္တလန်တာရှိ ဂျော်ဂျီယာနည်းပညာတက္ကသိုလ်ရှိ မိန့်ခွန်းတွင် ပွန်ပဲယိုက တရုတ်ပညာရှင်များနှင့် ကျောင်းသားများအား သူလျိုအဖြစ် ဖိအားပေး စုဆောင်းရန် တရုတ်လုံခြုံရေးအဖွဲ့များ၏ ကြိုးပမ်းမှုများအား မီးမောင်းထိုးပြခဲ့ကာ တရုတ်ကွန်မြူနစ်ပါတီအား “ယခုခေတ်၏ အဓိက ခြိမ်းခြောက်မှု”ဟု ဆိုခဲ့ကြောင်း The Hill မှ တင်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်၍ တရုတ်သည် အမေရိကန်တွင် တက်ရောက်နေသော တရုတ်ကျောင်းသားများအား ပစ်မှတ်ထားကာ ကွန်မြူနစ်နိုင်ငံအပေါ် ဝေဖန်မှုများစပ်လျဉ်း၍ ခြိမ်းခြောက်ခြင်းနှင့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများနှင့် အတိုက်အခံများနှင့် ပတ်သတ်သည့် သတင်းအချက်အလက် အလဲအလှယ်အတွက် တရုတ်ပြည်ရှိ မိသားစုဝင်များအား ဖိအား ပေးခြင်း ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေကြောင်း The Hill မှ တင်ပြထားသည်။

 “တရုတ်ကွန်မြူနစ်ပါတီ(CCP)က အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွေကို သူ့ကိုယ်ကျိုးအတွက် အဆိပ်ခတ်နေတာတွေ၊ အဲဒီအပြုအမူတွေက ကျွန်တော်တို့ရဲ့ လွတ်လပ်ခွင့်တွေနဲ့ အမေရိကန်အမျိုးသား လုံခြုံရေးကို ဘယ်လိုနိမ့်ကျစေတယ်ဆိုတာ အမေရိကန်တွေက သိရမယ်။ ကိုယ့်ကိုယ်ကိုယ် မသင်ကြား မလေ့လာဘူးဆိုရင် ဘာတွေဖြစ်နေလဲဆိုတာ ရိုးရိုးသားသား မပြောဆိုရဲရင် ပေကျင်းက လာသင်သွားလိမ့်မယ်”ဟု သူက ပြောခဲ့သည်။

CCP ၏ အဓိက ပစ်မှတ်များအဖြစ် ‘လက်ဝဲယိမ်းသော’အဖွဲ့အစည်းများအား တိုက်ခိုက်နေကာ သူသည် ကောလိပ်ကျောင်းဝန်းများအတွင်း တရုတ်ကျောင်းသားများအတွက် ပိုမို၍ ကာကွယ်မှုများပေးရန်၊ ပေကျင်းအား ဆန့်ကျင်ပြောဆိုလာရန်နှင့် ပညာရေးနှင့် သုတေသနစာတမ်း ပစ္စည်းများ ခိုးယူမှုအား သတိကြီးစွာထားရန် တိုက်တွန်းခဲ့သည်။

အမေရိကန် ကုန်သွယ်ရေးဝန်ကြီး ဝီလ်ဘာရောစ့်က အင်္ဂါနေ့တွင် တရုတ်အား အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး စည်းမျဉ်းများအား မလိုက်နာခြင်းအတွက် ပြစ်တင်ခဲ့ပြီး ပေကျင်းအား အာရှဒေသအတွင်း အဓိက စစ်ရေးနှင့် စီးပွားရေး ခြိမ်းခြောက်မှုဟု ပြောဆိုမှုများအပြီး ပွမ်ပီယို၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
“တရုတ်က ဒေသတွင်းမှာ အကြီးဆုံး အလားအလာကောင်းတဲ့ ဈေးကွက်အဖြစ်သာမက အဓိက စစ်ရေးနဲ့ စီးပွားရေး ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေဆဲပဲ”ဟု ရော့စ်က ဆိုခဲ့သည်။
 
သမ္မတ ဒေါ်နယ်ထရမ့်သည် ကုန်သွယ်ရေး၊ အင်ဒို-ပစိဖိတ်၊ ကိုရိုနာဗိုင်းရပ်စ်နှင့် ဝီဂါမွတ်စလင်များအပေါ် ဆက်ဆံမှုများအပါအဝင် များစွာသောအရေးကိစ္စများအတွက် တာဝန်ယူလုပ်ဆောင်ခဲ့ချိန်မှ စ၍ တရုတ်နှင့် အမေရိကသည် အငြင်းပွားမှုများ ရှိနေသည်။ နှစ်နိုင်ငံအကြား တင်းမာမှုများသည် မကြာသေးမီကာလများအတွင် ပိုမို ဆိုးဝါးလာသည်။

ယခုလအစောပိုင်းတွင် ပွန်ပဲယိုသည် အမျိုးသားပြည်သူ့ကွန်ဂရက် ဒုဥက္ကဌ ၁၄ ဦးအား ဟောင်ကောင်တွင် ပြဌာန်းခဲ့သော အငြင်းပွားဖွယ် အမျိုးသား လုံခြုံရေးဥပဒေအတွက် ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ကြောင်းနှင့် တရုတ်အား ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုများအတွက် ‘အထူးစိုးရိမ်ဖွယ်နိုင်ငံများ’(CPC) စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း ကြေငြာခဲ့သည်။
 
ထိုမတိုင်မီတွင် အမေရိကန် အမျိုးသားထောက်လှမ်းရေးဌာန ဒါရိုက်တာ ဂျွန်ရတ်ကလစ်ဖ်က ဝေါလ်စထရိဂျာနယ်တွင် “အကယ်၍ ကျွန်တော်သာ ဒီတစ်မူထူးခြားတဲ့ နေရာကနေ အမေရိကန်လူမျိုးတွေကို တစ်ခုလောက် ဆက်သွယ်ပြောဆိုလို့မယ်ဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဒီနေ့ခေတ်မှာ အမေရိကအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်တယ်ဆိုတာနဲ့ ဒုတိယကမ္ဘာစစ်ပြီးချိန်ကတည်းက ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်တယ်ဆိုတာပဲ”ဟု ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly