သီရိလင်္ကာမှာ ကိုဗစ်ကြောင့်သေဆုံးသူ မွတ်စလင်တွေကို မီးသင်္ဂြိုဟ်တဲ့အပေါ် မိသားစုဝင်တွေ ကန့်ကွက်  

သီရိလင်္ကာမှာ ကိုဗစ်ကြောင့်သေဆုံးသူ မွတ်စလင်တွေကို မီးသင်္ဂြိုဟ်တဲ့အပေါ် မိသားစုဝင်တွေ ကန့်ကွက်  
Photo - AFP

ဒီဇင်ဘာ ၁၁ 

သီရိလင်္ကာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသွားသူ ၁၉ ဦးကို မီးသင်္ဂြိုဟ်မယ်လို့ အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်တဲ့အပေါ်  မိသားစုဝင်တွေက ဒါဟာ ဘာသာရေးထုံးတမ်းစဉ်လာကိုဆန့်ကျင်တဲ့မူဝါဒဟုဆိုကာ ကန့်ကွက်မှုတွေရှိလာခဲ့ပါတယ်။  

မီးသင်္ဂြိုဟ်တာဟာ အစ္စလာမ်ဥပဒေအရ တားမြစ်ထားတဲ့ ဓလေ့ထုံးတမ်းတစ်ခုဖြစ်ပေမယ့် ကျန်းမာရေးအာဏာပိုင်တွေရဲ့ တင်းကျပ်တဲ့ကြီးကြပ်မှုအောက်မှာ ကိုဗစ်ကြောင့်သေဆုံးသွားသူတွေကို မိသားစုဝင်တွေက ပြန်လည်တောင်းယူကြပြီး မီးသင်္ဂြိုဟ်နေကြရပါတယ်။ 

ဒါပေမယ့် ကိုဗစ်သားကောင်ဖြစ်သွားရရှာတဲ့ မွတ်စလင် ၁၉ ဦးရဲ့ မိသားစုဝင်တွေဟာ မြို့တော်ကိုလံဘိုရှိ ရေခဲတိုက်ကနေ သူတို့ရဲ့ သက်ဆိုင်ရာရုပ်အလောင်းတွေကို ထုတ်ယူဖို့ငြင်းဆန်ခဲ့ကြပါတယ်။  

ဒါကြောင့် မိသားစုဝင်တွေက မတောင်းဆိုတဲ့ ရုပ်အလောင်းတွေကို ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းအရ မီးရှို့သင်္ဂြိုဟ်နိုင်တယ်လို့ ရှေ့နေချုပ် ဒက်ပူလာဒီလီဗာရာက အမိန့်ထုတ်ခဲ့ရပါတယ်။ 

အဆိုပါရုပ်အလောင်းတွေကို ဒီသီတင်းပတ်ထဲမှာပဲ မီးသင်္ဂြိုဟ်မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့က ရုပ်အလောင်း ငါးလောင်းကို သင်္ဂြိုဟ်ပြီးဖြစ်ပါတယ်။ နိုင်ငံရဲ့ လူနည်းစုအသိုင်းအဝိုင်း မူစလင်တွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက အသနားခံစာ ၁၂ စောင်တင်သွင်းပြီး အဆိုပါမူဝါဒအပေါ် စိန်ခေါ်ခဲ့ကြပါတယ်။ 

ဒါပေမယ့် တရားရုံးချုပ်က ဘာအကြောင်းပြချက်မှမပေးဘဲ ပြီးခဲ့တဲ့သီတင်းပတ်ကပဲ အသားနာခံစာတွေကို ပယ်ချခဲ့ပါတယ်။  

အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဘာသာရေးယုံကြည်မှုနဲ့ တာဝန်ဝတ္တရားတွေအရ မွတ်စလင်တွေကို မြေမြှုပ်သင်္ဂြိုဟ်ပေးဖို့ ပြီးခဲ့တဲ့လက ကိုလံဘိုအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ 

သမ္မတဂိုတာဘာယာ ရာဂျာပက်ခ်ဆာကိုထောက်ခံကြတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက  မြေမြှုပ်သင်္ဂြိုဟ်တာဟာ မြေအောက်ရေကို ညစ်ညမ်းစေပြီး ရောဂါတွေပျံ့နှံ့မှာစိုးရိမ်တယ်လို့ ပြောဆိုမှုတွေရှိနေတာကြောင့် ဧပြီလမှာ ကိုဗစ်သားကောင်တွေကို မဖြစ်မနေ မီးသင်္ဂြိုဟ်မှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။  

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးကတော့ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူတွေရဲ့ရုပ်အလောင်းကို မြေမြှုပ်တာရော မီးသင်္ဂြိုဟ်တာပါ နှစ်မျိုးစလုံး ခွင့်ပြုထားပါတယ်။  

သီရိလင်္ကာကျွန်းနိုင်ငံမှာ အောက်တိုဘာလကတည်းက ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်ခဲ့ပြီး အခုအချိန်မှာ ရောဂါကူးစက်မှု ရှစ်ဆအထိတိုးလာခဲ့ကာ ကူးစက်သူပေါင်း ၂၉ ၃၀၀ ဦးနဲ့ သေဆုံးသူ ၁၄၂ ဦးရှိပြီဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly