အိန္ဒိယဆေးဝါးကုမ္ပဏီ ၂ ခုက ယင်းတို့၏ ကိုဗစ်-၁၉ ကာကွယ်ဆေးများအတွက် ခွင့်ပြုချက် တောင်းခံ 

အိန္ဒိယဆေးဝါးကုမ္ပဏီ ၂ ခုက ယင်းတို့၏ ကိုဗစ်-၁၉ ကာကွယ်ဆေးများအတွက် ခွင့်ပြုချက် တောင်းခံ 

ဒီဇင်ဘာ ၉ 

အိန္ဒိယ ဆေးဝါးထုတ်ကုမ္ပဏီနှစ်ခုသည် ယင်းတို့၏ စမ်းသပ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို နိုင်ငံတွင် အရေးပေါ်အသုံးပြုမှု ခွင့်ပြုချက်ရရှိရေး လျှောက်ထားခဲ့ကြသည်။ ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုဒဏ် ဒုတိယမြောက် အဆိုးဆုံးခံနေရသည့် နိုင်ငံတွင် ထိုအိန္ဒိယကုမ္ပဏီနှစ်ခုမတိုင်ခင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer (ဖိုက်ဇာ) ကလည်း အလားတူအတိုင်း ခွင့်ပြုချက် လျှောက်ထားခဲ့သည်။ 

အောက်စ်ဖို့်ဒ် တက္ကသိုလ်နှင့် အက်စ်ထရာ ဇန်နကာတို့မှ Covishield စမ်းသပ်ကာကွယ်ဆေးအတွက် ထုတ်လုပ်မှု ပါတနာတစ်ခုဖြစ်သည့် ပူနီမြို့အခြေစိုက် အိန္ဒိယ ဆီရမ် အင်စတီကျူ့ (SII) နှင့် Covaxin ဟု ခေါ်သော ပြည်တွင်းဖြစ် ကာကွယ်ဆေးတစ်မျိုးကို ထုတ်လုပ်နေသော ဟိုက်ဒါရာဘတ် အခြေစိုက် ဘာရတ် ဘိုင်အိုတက် တို့က ကာကွယ်ဆေး အရေးပေါ် အသုံးပြုမှု ခွင့်ပြုချက်များ တောင်းခံထားခြင်းဖြစ်ကြောင်း ကျန်းမာရေးအတွင်းဝန် ရာဂျက်ရှ် ဘူရှန်က ဒီဇင်ဘာ ၈ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။ 

စမ်းသပ် ကာကွယ်ဆေး အများအပြားသည် မတူညီသော ထုတ်လုပ်မှု အဆင့်များတွင် ရောက်ရှိနေပြီး ယင်းတို့အနက် Covishield နှင့် Covaxin အပါအဝင် ခြောက်ခုသည် နိုင်ငံတွင် လက်တွေ့စမ်းသပ်မှု အဆင့်များတွင် ရှိနေသည်။ 

“အဲဒီထဲက တစ်ချို့ဟာ လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း လိုင်စင်တွေ ရကောင်း ရနိုင်ပါတယ်” ဟု ဘူရှန်က ပြောသည်။ 

ကာကွယ်ဆေး သုံးခုကို လိုင်စင်ထုတ်ပေးရန် စဉ်းစားလျက် ရှိကြောင်း အိန္ဒိယအစိုးရ၏ ထိပ်တန်းကျန်းမာရေး အကြံပေး ဗီကေ ပေါလ်က တူညီသော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ယင်းက “ကြီးကျယ်သော ဖြစ်ထွန်းတိုးတက်မှု” တစ်ခုဟု ၎င်းက ပြောသည်။ 

ယူကေသည် Pfizer နှင့် BioNTech တို့မှ ထုတ်လုပ်သော ကာကွယ်ဆေးကို စတင် အသုံးပြုသည့် ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ ဗြိတိန်နှင့် ဘာရိန်းတို့သည် ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုမှု ခွင့်ပြုချက် ထုတ်ပေးထားပြီဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်က ကြေညာခဲ့သည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်ကလည်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး မဟာဗျူဟာနှင့်ပတ်သက်၍ ဆွေးနွေးရန် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် အစည်းအဝေးလုပ်ခဲ့သည်။ “ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ ရနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု မိုဒီက ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly