အိန္ဒိယ လယ်ယာဥပဒေသစ်အပေါ် ရထားလမ်း၊ ကားလမ်းတွေကို ပိတ်ဆို့ပြီး နိုင်ငံလုံးဆိုင်ရာ သပိတ် ဆင်နွှဲ

အိန္ဒိယ လယ်ယာဥပဒေသစ်အပေါ် ရထားလမ်း၊ ကားလမ်းတွေကို ပိတ်ဆို့ပြီး နိုင်ငံလုံးဆိုင်ရာ သပိတ် ဆင်နွှဲ
Photo - AFP

ဒီဇင်ဘာ ၉

အိန္ဒိယနိုင်ငံတစ်ဝန်းက လယ်သမားတွေဟာ အင်္ဂါနေ့က နိုင်ငံလုံးဆိုင်ရာ သပိတ် ဆင်နွှဲကြပြီး ရထားလမ်းတွေနဲ့ ကားလမ်းတွေကို ပိတ်ဆိုခဲ့ကြပါတယ်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍ စည်းမျဉ်းတွေကို လျှော့ချတဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေသစ်တစ်ရပ်ကို ဆန့်ကျင်ပြီး မြို့တော် နယူးဒေလီကို ဆယ်ရက်ကြာ ပိတ်ဆို့မှုတွေ လုပ်ခဲ့ရာက အခုလို နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကို ဆင်နွှဲလာကြတာပါ။

မြို့တော် နယူးဒေလီမှာ သောင်းနဲ့ချီတဲ့ လယ်သမားတွေဟာ နိုဝင်ဘာ ၂၆ ရက်စလို့ အတားအဆီးတွေ ပိတ်ဆို့ထားပြီး ဥပဒေတွေကို မပြင်ဆင်မချင်း နောက်ဆုတ်ဖယ်ပေးလိမ့်မှာ မဟုတ်ဘူးလို့ စိတ်ပိုင်းဖြတ် ပြောဆိုကြပါတယ်။

ဒီ အခြေအနေဟာ ၂၀၁၉ မှာ ရွေးကောက်ပွဲ သောင်ပြိုကမ်းပြို ပြန်လည်တင်မြှောက်ခံရတဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီအစိုးရအတွက် အကြီးဆုံး စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်။

“ကျွန်တော်တို့ စိုးရိမ်နေပါတယ်။ အရမ်းကို စိုးရိမ်ပူပန်နေရတာပါ။ ကျွန်တော်တို့ သားသမီးလေးတွေ ငတ်ရတော့မယ်။ ဒီထက် စိတ်ပူစိုးရိမ်စရာ ကောင်းတာ ဘာရှိဦးမှာလဲ။”လို့ သပိတ်မတိုင်ခင်မှာ လယ်သမား ဗက်ဆင်းချ်က အေအက်ဖ်ပီကို ပြောပါတယ်။

ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေစည်းမျဉ်းသစ်တွေကြောင့် အကြီးစား လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်းတွေဟာ လယ်ယာထွက်ကုန်တွေကိုတွေကို ဈေးလျှော့ရောင်းချလာမှာဖြစ်ပြီး သီးစားလယ်သမားတွေရဲ့ အသက်မွေးဝမ်းကျောင်း ပျက်စီးခြေမွခံရလိမ့်မယ်လို့ အိန္ဒိယတောင်သူလယ်သမားတွေကြား စိုးရိမ်ပူပန်လျက် ရှိနေတာပါ။

ဥပဒေအရ လယ်သမားတွေဟာ အနည်းဆုံးဈေး အာမခံသတ်မှတ်ပေးထားတဲ့ အစိုးရအဝယ်ဒိုင်တွေ ရောင်းချရမှာ မဟုတ်တော့ဘဲ စူပါမားကတ်အပါအဝင် အဖွင့်ဈေးကွက်တွေမှာ ရောင်းချခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီအတွက် ကော်ပိုရေးရှင်းကြီးတွေဟာ ဈေးလျှော့ချပြီး အပိုင်းစီးသွားပြီး လယ်ယာထွက်ကုန်ကဏ္ဍကို အပိုင်းစီးသွားမှာဖြစ်တယ်လို့ လယ်သမားတွေက ပြောကြပါတယ်။

“စားဖို့တောင် ရှိတော့မှာ မဟုတ်ဘူး။ ဝင်ငွေရအောင် ဘယ်လိုမှ တတ်နိုင်တော့မှာ မဟုတ်ဘူး။ ဒါဟာ ကျွန်တော်တို့အတွက် အစိုးရိမ်ရဆုံးပါပဲ။”လို့ ဗက်ဆင်းချ်က ပြောပါတယ်။

အာဏာပိုင်တွေကတော့ နယူးဒေလီမှာ သာလွန်ရဲအင်အား ချထားပြီး နိုင်ငံရဲ့ ကျန်အပိုင်းတွေမှာလည်း လုံခြုံရေးတိုးမြှင့်ထားပါတတယ်။

လယ်သမားတွေရဲ့ အင်္ဂါနေ့ သပိတ်တိုက်ပွဲကို ရထားဝန်ထမ်းအလုပ်သမားတွေ၊ ကုန်ကားဒရိုင်ဘာတွေနဲ့ ကျောင်းဆရာဆရာမတွေနဲ့ အခြားသမဂ္ဂတွေကလည်း အားပေးထောက်ခံကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly