ဟောင်ကောင်လုံခြုံရေးဥပဒေဆန္ဒပြမှုနဲ့ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ၈ ဦးကို ဖမ်းဆီး 

ဟောင်ကောင်လုံခြုံရေးဥပဒေဆန္ဒပြမှုနဲ့ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ၈ ဦးကို ဖမ်းဆီး 
Photo - AFP

ဒီဇင်ဘာ ၈  

ဟောင်ကောင်မှာ လွှတ်တော်အမတ်ဟောင်း သုံးဦးအပါအဝင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ရှစ်ဦးကို ဇူလိုင်ဆန္ဒပြပွဲမှာ ပါဝင်ပတ်သက်ခဲ့မှုနဲ့ ဒီဇင်ဘာ ၈ ရက်က ဖမ်းဆီးလိုက်ပါတယ်။  

လုံခြုံရေးဥပဒေသစ်အရ အစိုးရဆန့်ကျင်သူတွေကို ကျယ်ကျယ်ပြန့်ပြန့်နှိမ်နင်းမှုရဲ့ နောက်ဆုံးလှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။  

ထိန်းသိမ်းခံရသူတွေထဲမှာ ‘ဆံရှည်’ လို့ လူသိများတဲ့ စစ်ပြန်တက်ကြွလှုပ်ရှားသူ လီယံကွမ်ဟောင်၊ ဟောင်ကောင်ဒီမိုကရက်တစ်ပါတီအကြီးအကဲဟောင်း ဝူချီဝေ၊ လွှတ်တော်အမတ်ဟောင်း အက်ဒီချူးနဲ့  ဗြိတိသျှက ဟောင်ကောင်ကို တရုတ်ဆီလွှဲပြောင်းတဲ့အထိမ်းအမှတ် အခမ်းအနားတွေကို နှစ်စဉ်ဦးဆောင်ဦးရွက်ပြုသူ ဖီဂိုချန်းတို့ ပါဝင်ပါတယ်။  

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က ခွင့်ပြုချက်မရဘဲ ပြုလုပ်ခဲ့တဲ့ စုဝေးပွဲကို ပါဝင်ဦးဆောင်ခဲ့မှု၊ လှုံ့ဆော်ခဲ့မှု စတဲ့ သံသယနဲ့ ဖမ်းဆီးတာဖြစ်တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရမှာဖြစ်ပါတယ်။  

ပြီးခဲ့တဲ့လက ဟောင်ကောင် ဥပဒေပြုလွှတ်တော်က ဒီမိုကရေစီလိုလားသူ အမတ်သုံးဦးကို ပေကျင်းက ရာထူးကဖယ်ရှားခဲ့ပြီးနောက် အမေရိကန်က တရုတ်ထိပ်တန်းအရာရှိ ၁၄ ဦးကို နိုင်ငံတွင်းဝင်ရောက်ခွင့်နဲ့ ပိုင်ဆိုင်မှုဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့လိုက်ပြီးတဲ့နောက် ခုလို ဖမ်းဆီးမှုတွေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ 

ပေကျင်းမှာ ပြီးခဲ့တဲ့နှစ်က ရံဖန်ရံခါ အကြမ်းဖက်မှုတွေပါတဲ့ ဆန္ဒပြပွဲတွေ လပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ပေကျင်းဟာ အမြင်သဘောထားကွဲလွဲမှုတွေကို နှိမ်နင်းဖို့ရည်ရွယ်ပြီး  ဇွန်လ ၃၀ ရက်က ဟောင်ကောင်အပေါ် အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။ 

အဲဒီဥပဒေအရ စည်းရုံးသိမ်းသွင်းခြင်း၊ ဂိုဏ်းခွဲထွက်ခြင်း၊ အကြမ်းဖက်ခြင်းနဲ့ ပြည်ပအင်အားတွေနဲ့ လျှို့ဝှက်ပူးပေါင်းဆောင်ရွက်ခြင်း စတာတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။  

ပြီးခဲ့တဲ့လက တက္ကသိုလ်ပရဝုဏ်အတွင်းမှာ တားမြစ်ထားတဲ့ကြွေးကြော်သံဆောင်ပုဒ်ကို အော်ဟစ်ခဲ့တယ်ဆိုတဲ့ ပြစ်မှုနဲ့ တနင်္လာနေ့က လူသုံးဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။  

ဂျိုရှုဝါဝေါင်အပါအဝင် ဒီမိုကရေအရေးတက်ကြွလှုပ်ရှားသူ သုံးဦးကိုလည်း၂၀၁၉ ခုနှစ်က ရဲဌာနချုပ်ရုံးပြင်မှာ စုဝေးဆန္ဒပြမှုနဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly