ဦးကျော်ဝင်းကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ CCTV ဗီဒီယိုထွက်ပေါ်

ဦးကျော်ဝင်းကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ CCTV ဗီဒီယိုထွက်ပေါ်

ဒီဇင်ဘာ ၄ ၊ ၂၀၂၀

SP Bakery မုန့်တိုက်ပိုင်ရှင်ဦးကျော်ဝင်းကို မိုးကုတ်မြို့ပေါ်မှာ သောကြာနေ့ ဒီဇင်ဘာ ၄ ရက်နေ့နံနက်ပိုင်းက လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပုံရိပ်တွေပါ CCTV ဗီဒီယို ထွက်ပေါ်လာခဲ့ပါတယ်။

နံနက် ၈ နာရီ ၃၃ မိနစ်ဝန်းကျင်ရေးထိုးထားတဲ့ CCTV မှာ တွေ့ရတဲ့ ပုံရိပ်တွေအရ ဦးကျော်ဝင်းနဲ့ တခြားသူတစ်ယောက်ဟာ လမ်းလျှောက်လာပြီး ရှောလီဝိုင်းရပ်ကွက် အောင်ချမ်းသာဈေးနှင့် အထက (၃) နား လမ်းမပေါ်မှာ ရပ်ထားတဲ့ အနက်ရောင် SUV အမျိုးအစား ကားပေါ်ကိုတက်ပြီးမကြာခင်မှာပဲ အဖြူရောင် Surf ကားတစ်စီးထိုးဆိုက်ပြီး လူသုံးယောက်ဆင်းလာကာ  အဓမ္မဆွဲခေါ်သွားခဲ့တာကို တွေ့ရပါတယ်။ တစ်ယောက်ကို ချန်ထားခဲ့ပြီး ဦးကျော်ဝင်းကိုပဲ ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ကားက မိုးကုတ်မြို့ရဲ့ မြောက်ဘက် ရွှေဂူဘက်ကိုမောင်းသွားတယ်လို့ မိုးကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက မဇ္ဈိမကို ပြောပါတယ်။
 

လာခေါ်သွားတဲ့သူတွေဟာ ပျောက်ကြားဘောင်းဘီတွေဝတ်ထားပြီး ဒေသခံတွေနဲ့ လုံခြုံရေးလေ့လာသူတွေရဲ့ ခန့်မှန်းပြောကြားချက်များအရဆိုရင် တအာင်း (ပလောင်) လွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ဝင်တွေလို့ ဆိုပါတယ်။

TNLA ရဲ့ ပတ်သက်မှုနဲ့ပတ်သက်ပြီး ကောလဟလတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပေမယ့်လည်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော်ကတော့  သူ့တပ်ဖွဲ့ရဲ့ အောက်ခြေကိုမေးမြန်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။
 
“မိုးကုတ်ကတော့ ကျွန်တော်တို့လှုပ်ရှားတာတော်တော်ကြာပြီ။ ၂၀၁၅ လောက်ကတည်းက။ ကြားမိပါတယ်။ ဖမ်းဆီးမှုရှိ/ မရှိ၊ ဟုတ်/ မဟုတ် ဆိုတာလည်းမသိရသေးဘူး။ အောက်ခြေကိုမေးတုန်းပဲရှိသေးတယ်။ အခုတော့ဘာမှမသိရသေးဘူး” လို့ ဗိုလ်မှူးတာအိုက်ကျော်က ပြောပါတယ်။

ဒေသခံတွေရဲ့ အပြောအရဆိုရင် ဦးကျော်ဝင်းကို သေနတ်နဲ့ထောက်ခေါ်သွားခဲ့တာဖြစ်ပြီး ပြန်ပေးငွေ သိန်း တစ်သောင်း တောင်းတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

ကမ္ဘာကျော် ပတ္တမြားထွက်ပြီး ကျောက်တူးဖော်ရေးလုပ်ငန်းတွေရှိတဲ့ မိုးကုတ်မြို့မှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပြန်ပြေးဆွဲငွေတောင်းတယ်ဆိုတဲ့ သတင်းစကားတွေဟာ မီဒီယာတွေမှာ သိပ်မတွေ့ရပေမယ့် ဒေသခံတွေအကြား  သိပ်တော့ စိမ်းလှတာ မဟုတ်ပါဘူး။

နိုဝင်ဘာလလယ်တုံးက မိုးကုတ်က အမျိုးသမီးတစ်ယောက် ပြန်ပေးဆွဲခံရပြီး သိန်း ၃၀၀ တောင်းခံရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျောက်တူးလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးသမားတွေဆီက ဆက်ကြေးတောင်းခံတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ TNLA အဖွဲ့ရဲ့ နာမည်မှာ အဲဒီသတင်းစကားတွေ တွဲပါလာနေတာကိုလည်း တွေ့ရပါတယ်။

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးကလည်း  မိုးကုတ်မြို့မှာ အရင်ကတည်းက ဒီလိုပြန်ပေးဆွဲမှုတွေ ဖြစ်ခဲ့ဖူးတယ်ဆိုတာကို အတည်ပြုပေမယ့် ဖြစ်ခဲ့တဲ့အမှုအရေအတွက်နဲ့ နေ့ရက်တွေကိုတော့ မမှတ်တော့ဘူးလို့ ပြောပါတယ်။

လက်ရှိ မိုးကုတ်မြို့မှာ လက်နက်ကိုင်အဖွဲ့တွေကလည်း အရပ်ဝတ်နဲ့ သေနတ်မပါဘဲ ဝင်/ထွက်သွားလာမှုတွေရှိနေပေမယ့်လို့ ဆက်ကြေးကောက်တာမျိုးကိုတော့ မကြားဖူးကြောင်း ဦးလှမိုးဦးက ဆက်ပြောပါတယ်။  
 
မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော်ဟာ ဦးကျော်ဝင်းနဲ့ ဒီနေ့မနက်မှာပဲ အောင်ချမ်းသာဈေးမှာ ဆုံခဲ့ကြပါသေးတယ်။ မြို့မျက်နှာဖုံးတစ်ဦးဖြစ်တဲ့ ဦးကျော်ဝင်းဟာ ရန်ညှိုးရန်စရှိတယ်လို့မကြားဖူးသလို လက်နက်ကိုင်အဖွဲ့တွေနဲ့ပက်သက်တယ်လို့လည်း မကြားဖူးဘူးလို့ ဦးနိုင်ငံကျော်က ပြောပါတယ်။

မိုးကုတ်မှာ နိုဝင်ဘာလနှောင်းပိုင်းက TNLA နဲ့ တပ်မတော်တိုက်ပွဲဖြစ်ပွားခဲ့တာမှာ လက်နက်ကြီးတွေပါ ပစ်ခတ်အသုံးပြုခဲ့တာကိုတွေ့ရပါတယ်။ လုံခြုံရေးလေ့လာသူတွေကလည်း  TNLA ဟာ မိုးကုတ်ကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီလို့ ဆိုပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly