တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်ရမည်ဟု တပ်ချုပ်ပြော 

တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်ရမည်ဟု တပ်ချုပ်ပြော 
Photo credit - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

ဒီဇင်ဘာ ၄ ၊ ၂၀၂၀

တပ်မတော်သည် နိုင်ငံတည်ငြိမ်မှုနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကဏ္ဍတွင် ဆက်လက်ပါဝင်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။ 

ဒီဇင်ဘာလ ၄ရက်က ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်တွင်ပြုလုပ်သည့် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၂) သင်တန်း ဆင်းမိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။ 

 “နိုင်ငံတော်မှာ မည်သည့်နိုင်ငံရေးစနစ် မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေနဲ့ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေးမူဝါဒဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းသွားရမှာဖြစ်တယ်။ နိုင်ငံ ရဲ့ တည်ငြိမ်မှုနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအရ တည်ငြိမ်မှုများရှိစေဖို့အတွက် တပ်မတော် အနေနဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ ဆက်လက်ပါဝင်နေကြရမှာဖြစ်တယ်။” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။ 

ထို့ကြောင့် ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေမည့် လုပ်ဆောင်ချက်မှန်သမျှကို တပ်မတော်အနေဖြင့် ပြတ်ပြတ်သားသား ကာကွယ်ရမှာဖြစ်ပြီး တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးကို ဖော်ဆောင်ရာတွင် ပြည်သူများနှင့်အတူ လက်တွဲညီညီ  အစွမ်း ကုန်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။ 

နိုင်ငံသူ နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံတော်က ချမှတ်ပြဌာန်းထားသည့် စည်းကမ်းဥပဒေများကို လိုက်နာနိုင်မှသာ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်နိုင်မည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။ 

ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများကိုလည်း NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required