တရုတ်နဲ့ ထိပ်တိုက်တိုးဖို့ လက်မလျော့တဲ့ ကနေဒါ

By မောင်မြသာ
03 December 2020
တရုတ်နဲ့ ထိပ်တိုက်တိုးဖို့ လက်မလျော့တဲ့ ကနေဒါ

မောင်မြသာ

သူလျှိုလုပ်သည်ဆိုသော စွဲချက်များနှင့် ဟွာဝေးအရာရှိအား ဖမ်းဆီးချိန်မှစ၍ ကနေဒါနှင့် တရုတ်ဆက်ဆံရေးသည် ပြိုကွဲလာခဲ့သည်။ ကိုဗစ်-၁၉ ပျံ့နှံ့မှု၊ ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အား ထိခိုက်မှုနှင့် လူနည်းစု ဝီဂါမွတ်စလင်များအား လူမျိုးတုံးသတ်ဖြတ်မှုများအပေါ် ကမ္ဘာ့စိုးရိမ်ပူပန်မှုများအား တရုတ်၏ ရိုင်းစိုင်းစွာ တုံ့ပြန်မှုသည် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုဆိုးရွားစေခဲ့သည်။

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဖရန်စွာ ဖိလစ်ပီ ချန်ပိန်းက အိုတာဝါသည် တရုတ်ကွန်မြူနစ်အစိုးရ၏ ဝီဂါမွတ်စလင်များအပေါ် ရက်စက်စွာ ပြုမူချက်များအတွက် လွန်စွာ စိုးရိမ်ပူပန်လျက်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ကနေဒါ၏ အစောပိုင်း စွဲချက်များအား ပေကျင်း၏ အပြင်းအထန် ကန့်ကွက်မှုများအပြီး တင်းမာသော ကြေငြာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်က ဒီအရေးကို တရုတ် နိုင်ငံခြားရေးဝန်ကြီးနဲ့ သီးသန့်ရော လူသိရှင်ကြားရော ထုတ်ပြောပြီးပြီ။ ဆက်ပြီးလည်း လုပ်နေမှာပါ”ဟု ချန်ပိန်း က ဆိုခဲ့သည်။
 
နှစ်နိုင်ငံ စီးပွားရေးကုန်သွယ်မှု ထိခိုက်နိုင်သော်လည်း ကနေဒါသည် တရုတ်အား ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သည်။ အစိုးရ ကိန်းဂဏန်းများအရ ၂၀၁၀-၂၀၁၉ အတွင်း ၆.၆ရာခိုင်နှုန်း တိုးလာသော တရုတ်မှ ကနေဒါသို့ တင်ပို့မှုသည် ၂၀၂၀ တွင် သိသိသာသာ ကျဆင်းသွားကြောင်း တွေ့ရသည်။ တရုတ်တင်ပို့မှုသည် ၂၀၂၀ ဇန်နဝါရီတွင် အမေရိကန်ဒေါ်လာ ၃.၁၂ သန်းရှိခဲ့ရာမှ အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ ၁.၇၇သန်းထိ ကျဆင်းခဲ့သည်။

 ထို့အပြင် ကနေဒါသည် တရုတ်နှင့် လွတ်လပ်သောကုန်သွယ်ရေး ဆွေးနွေးမှုများ ဆက်လက် မပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုသို့မဟုတ်ပါက ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံနှင့် ထိုကဲ့သို့ စာချုပ်ရေးထိုးနိုင်သည့် ပထမဆုံးသော G7 နိုင်ငံ ဖြစ်လာလိမ့်မည်။ ကနေဒါ ပါလီမန် ကော်မတီခွဲသည် အမျိုးသားခေါင်းဆောင်မှုပိုင်းအား တရုတ်အရာရှိများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပိတ်ဆို့မှုများပြုလုပ်ရန် တောင်းဆိုခဲ့အပြီးတွင် တရုတ်အပေါ် တင်းမာစွာဆက်ဆံ လာခြင်းဖြစ်သည်။

 ကော်မတီခွဲသည် ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် ရှင်ကျန်းအနောက်မြောက်ပိုင်းတွင် နေထိုင်လျက်ရှိသည့် ဝီဂါမွတ်စလင်များနှင့် အခြား တားကစ်မွတ်စလင်များအား အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းခြင်းများ၊ အတင်းအဓ္ဓမ လုပ်အားပေးခိုင်းခြင်း၊ နေရာအနှံ့ ပြည်နယ် စောင့်ကြည့်ခြင်းနှင့် လူဦးရေ ထိန်းသိမ်းခြင်းစသည့် နည်းဗျူဟာ အမျိုးမျိုး အသုံးပြု ညှင်းပန်းနှိပ်စက်မှုများပြုခဲ့ခြင်းကြောင့် တရုတ်အစိုးရအား တိုက်ရိုက် ပြစ်တင်ရှုတ်ချခဲ့သည်။ တရုတ်၏ အပြုအမူများအား “ဝီဂါ ယဉ်ကျေးမှုနှင့် ဘာသာရေးအား အမြစ်ပြတ်ဖယ်ရှားရန် သိသာသော ကြိုးပမ်းမှု’ဟု ခေါ်ခဲ့ပြီး ထိုအပြုအမူများသည် ၁၉၄၈ လူမျိုးတုံးသတ်ဖြတ်ခြင်း သဘောတူညီချက်အရ လူမျိုးတုံးသတ်ဖြတ်ခြင်းနှင့် ကိုက်ညီကြောင်း ကော်မတီခွဲက ပြောခဲ့သည်။ ကော်မတီခွဲအနေဖြင့် တရုတ်တွင် ဖြစ်ပျက်နေသည်များကြောင့် “အကြီးအကျယ် အနှောင့်အယှက်ဖြစ်ရေကြောင်း”နှင့် ခိုင်မာသော တုံ့ပြန်မှုပြုရန် တောင်းဆိုခဲ့သည်။ ထိုအရေးနှင့် စပ်လျဉ်း၍ ကုလသမ္မဂ လူ့အခွင့်အရေးကောင်စီမှ ကုလသမ္မဂဆိုင်ရာ ကနေဒါ သံအမတ်ကြီး ဘော့ရေး က စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။
 
ကနေဒါသည် တရုတ်အား လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးအပါအဝင် လွတ်လပ်သော လေ့လာသူများအား ရှင်ကျန်းသို့ ချက်ချင်း အနှောင့်အယှက်မရှိ ဝင်ခွင့်ပြုရန် တောင်းဆိုနေသော နိုင်ငံ ၃၉ နိုင်ငံတွင် ပါဝင်သည်။ မျှော်လင့်ထားသကဲ့သို့ပင် တရုတ်သည် ကနေဒါအား ဟောင်ကောင်တွင်နေထိုင်သော ကနေဒါလူမျိုး ၃၀၀,၀၀၀ ၏ ကျန်းမာရေးနှင့် လုံခြုံရေး အကျိုးဆက်များအပေါ် သတိပေးခဲ့သည်။ သို့ရတွင် ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက လက်လျော့မည်မဟုတ်ကြောင်း ပြောခဲ့သည်။ “ဝီဂါတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေဖြစ်စေ၊ ဟောင်ကောင်က အရမ်းစိုးရိမ်ဖို့ကောင်းတဲ့ အခြေအနေဖြစ်စေ၊ တရုတ်ရဲ့ ခြိမ်းခြောက်နေတဲ့ သံတမန်ရေးဖြစ်စေ ကမ္ဘာတစ်ဝှမ်းက လူ့အခွင့်အရေးအတွက် ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ရပ်တည်မယ်”ဟု ထရူးဒိုး က ဆိုခဲ့သည်။
   
ကနေဒါတစ်ဝှမ်း ဆန္ဒပြသူများကြောင့် ရှင်ကျန်းနှင့် ဟောင်ကောင်ရှိ တရုတ်၏ ချိုးဖောက်မှုများအား ထရူးဒိုးအစိုးရမှ ဆန့်ကျင်လျက် ခိုင်ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိသည်။ မကြာသေးမီက အဖွဲ့အစည်း ၈ခုသည် လူ့အခွင့်အရေးကို ဖိနှိပ်ရန် အာရှနိုင်ငံ၏ ရက်စက် ကြမ်းကြုတ်သည့် နည်းလမ်းများအား ဆန့်ကျင်သည့်အနေဖြင့် ဗန်ကူးပါးရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။ ထိုဆန္ဒပြသူများတွင် တိဘက် အသိုင်းအဝိုင်းမှလည်း ပါဝင်ခဲ့သည်။
     
တရုတ်အာဏာပိုင်များသည် အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် လူမဆန်သော ဆက်ဆံမှုများ၊ အဓ္ဓမ လုပ်အားပေးခိုင်းစေမှု၊ နေရာအနှံ့ ပြည်နယ် စောင့်ကြည့်ခြင်းနှင့် လူဦးရေးထိန်းချုပ်မှုများမှတစ်ဆင့် တရုတ်ရှိ မွတ်စလင်လူနည်းစုအား ဖိနှိပ်ရန် ကြိုးပမ်းနေခြင်းကို ကော်မတီခွဲက မီးမောင်းထိုးပြထားသည်။ ပေကျင်းအစိုးရသည် ဝီဂါလူဦးရေအား မွေးဖွားမှုနှုန်းအာ လျော့ချရန် ခွဲစိတ်မှု ပြုမှသာ ဖယ်ရှားနိုင်သော သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း (IUD) အား အသုံးပြုနေခြင်းကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။ ၂၀၁၅ခုနှစ်နှင့် ၂၀၁၈ခုနှစ်အတွင်း ရှင်ကျန်းရှိ ဝီဂါ အများဆုံးရှိသော ဒေသများတွင် လူဦးရေးတိုးတက်မှု ၈၄ ရာခိုင်နှုန်းကျဆင်းခဲ့ကာ လာမည့်နှစ်များအတွင်း ပိုမိုကျဆင်းလာနိုင်ကြောင်းကို တွေ့ရှိခဲ့ကြောင်း ဆိုခဲ့သည်။

 ကော်မတီခွဲအနေဖြင့် ရှင်ကျန်းပြည်နယ်တွင် အတင်းအဓ္ဓမ သားဆက်ခြားစေခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်းများ ရှိကြောင်း တွေ့ရှိခဲ့သည်။ IUD ထည့်သွင်းခြင်းများ၏ ၈၀ရာခိုင်နှုန်းမှာ လူနည်းစု များပြားသည့် ရှင်ကျန်းတွင် ဖြစ်ပေါ်ခဲ့ပြီး ထိုပြည်နယ်၏ လူဦးရေးမှာ တရုတ်၏ စုစုပေါင်း လူဦးရေး၏ နှစ်ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရသည်။ ထို့အပြင် အတင်းအဓ္ဓမ အလုပ်ခိုင်းစေသော စခန်းများမှ ထိန်းသိမ်းခံ အမျိုးသမီးများသည်လည်း ရာသီစက်ဝန်းကို ရပ်တန့်စေသည့် အမျိုးအမည်မသိ ဆေးများ ထိုးခဲ့ရသည်။

ဒီမိုကရေစီ နိုင်ငံအများစုသည် စီးပွားရေး လက်တုံ့ပြန်ရန် ခြိမ်းခြောက်မှုကို တွန်းလှန်ကာတရုတ်၏ အလွန်ဆိုးရွားလှသည့် လူ့အခွင့်အရေး အပြုအမူများအပေါ် ပွင့်ပွင့်လင်းလင်း ပြောဆိုလာကြသဖြင့် တရုတ်အတွက် အနေအထားမှာ ပြောင်းလဲနေပြီဖြစ်သည်။ ၃၉ နိုင်ငံသည် တရုတ်အား “လူ့အခွင့်အရေးအား လေးစားရန် အထူးသဖြင့် ရှင်ကျန်းနှင့် တိဘက်ရှိ ဘာသာရေးနှင့် တိုင်းရင်းသား လူနည်းစုတွင် ပါဝင်သည့် လူတို့၏ အခွင့်အရေးများကို လေးစားလိုက်နာရန်” တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly