ကျွန်းစုတွင် တရားမဝင် ငါးဖမ်းလှေ၌ သတ်ထားသော တားမြစ် လင်းရှူးငါး ၂ ကောင် တွေ့  

ကျွန်းစုတွင် တရားမဝင် ငါးဖမ်းလှေ၌ သတ်ထားသော တားမြစ် လင်းရှူးငါး ၂ ကောင် တွေ့  
ဓာတ်ပုံ - စည်သူအောင်

နိုဝင်ဘာ ၂၇၊ ၂၀၂၀ 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ပင်လယ်ပြင်အတွင်း တရားမဝင် ငါးဖမ်းလှေ တစ်စီးပေါ်တွင် တားမြစ်ထားသော ငါးမျိုးစိတ်ဖြစ်သည့် လင်းရှူးငါး နှစ်ကောင်ကို ဖမ်းဆီးသတ်ဖြတ်ထားပြီး ရေလုပ်သား ရှစ်ဦးကို ဖမ်းဆီး အရေးယူထားကြောင်း ယင်းမြို့ရှိ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။ 

ဓာတ်ပုံ - စည်သူအောင်

အဆိုပါ တရားမဝင် ငါးဖမ်းလှေသည် မြိတ်မြို့မှ ထွက်ခွာလာသည့် လှေဖြစ်ပြီး ကျွန်းစုမြို့နယ်ပိုင် ဂျာဘုတ်ကျွန်းအနီး ပတ်ဝန်းကျင်တွင် ငါးများ ဖမ်းဆီးခဲ့ရာ လင်းရှူးငါး နှစ်ကောင်ပါ ဖမ်းခဲ့သည်။  

ယင်းနောက် ငါးများကို ရောင်းချရန် ပြန်လည် ဝင်ရောက်လာရာမှ ကျွန်းစုမြို့နယ်၊ ရေပြည့်အော် ကျေးရွာ အရှေ့ တစ်မိုင်ခန့်အကွာ၌ နိုဝင်ဘာလ ၂၅ ရက်နေ့ ညပိုင်းတွင် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်က ဖမ်းဆီးခဲ့သည်ဟု သိရသည်။ 

ဓာတ်ပုံ - စည်သူအောင်

တနင်္သာရီ ရေတပ်စခန်းဌာနချုပ်က မသင်္ကာသဖြင့် ငါးဖမ်းလှေကို ခေါ်ယူ စစ်ဆေးရာ ယင်းသို့ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။  

ကျွန်းစုမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးညီညီလင်းထွဋ်က “ငါးဖမ်းလှေက တရားမဝင်လှေ ဖြစ်တယ်။ လုပ်ငန်းလိုင်စင်လည်း မရှိဘူး။ ရေတပ်က ခေါ်ယူစစ်ဆေးတဲ့အခါမှာ တားမြစ်ထားတဲ့ လင်းရှူးငါး နှစ်ကောင် ဖမ်းဆီးသတ်ဖြတ်ထားတာ တွေ့ရတယ်” ဟု ပြောသည်။ 

ဓာတ်ပုံ - စည်သူအောင်

သတ်ဖြတ်ထားသည့် လင်းရှူးငါးများမှာ အရှည် ၈ ပေ ၁ လက်မ၊ လုံးပတ် ၄ ပေ ၄ လက်မရှိ လင်းရှူး တစ်ကောင်နှင့် အရှည် ၇ ပေ ၆ လက်မ၊ လုံးပတ် ၄ ပေ အရွယ်အစားရှိ လင်းရှူးတစ်ကောင် ဖြစ်သည်ဟု သိရသည်။  

လင်းရှူးငါးများကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် တရားမဝင်၊ လုပ်ငန်းလိုင်စင်မရှိ ငါးဖမ်းလှေနှင့် လှေသား ရှစ်ဦးကို ခွင့်ပြုငါးဖမ်းလိုင်စင် မရှိခြင်း၊ တားမြစ်ထားသော ငါးမျိုးစိတ်များ ဖမ်းဆီးခြင်းများကြောင့် မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေ ပုဒ်မ (၄၄) ဖြင့် ကျွန်းစုမြို့မ ရဲစခန်းမှ အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly