မြန်မာအစိုးရက ICJ ထံ ဒုတိယမြောက် အစီရင်ခံစာ တင်သွင်း 

မြန်မာအစိုးရက ICJ ထံ ဒုတိယမြောက် အစီရင်ခံစာ တင်သွင်း 
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ICJ ရုံးတွင် လျှောက်လဲကြားနာမှုမြင်ကွင်း (ဓာတ်ပုံ - EPA)

နိုဝင်ဘာ ၂၅၊ ၂၀၂၀ 

ရိုဟင်ဂျာ (မူရင်း) အသိုင်းအဝိုင်းကို နှိပ်ကွပ်မှုများမှ အကာအကွယ်ပေးရေး အမိန့်ချမှတ်ထားခြင်းကို လိုက်နာသည့်အနေဖြင့် မြန်မာအစိုးရက ဒုတိယမြောက် အစီရင်ခံစာကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ထံ တင်သွင်းလိုက်ကြောင်း သိရသည်။ 

မြန်မာအစိုးရက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း အမေရိကန် ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် Global Justice Center ၏ အဆိုအရ နိုဝင်ဘာလ ၂၃ ရက်နေ့က အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်ပြီး လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။ 

Global Justice Center ၏ ဥပဒေပိုင်းဆိုင်ရာ ဒါရိုက်တာ ဂရန့် ရှူဘင်က မြန်မာအစိုးရ၏ ဒုတိယမြောက် အစီရင်ခံစာကို ကြိုဆိုကြောင်း၊ သို့သော် တရားရုံးက သတ်မှတ်သည့်ရက်အတိုင်း တင်သွင်းရုံမျှနှင့် မလုံလောက်သေးကြောင်း တူရကီ အခြေစိုက် အန်နာဒို အေဂျင်စီ သတင်းဌာနသို့ ပြောထားသည်။  

ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းစဉ် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိသည်ဟု စွပ်စွဲမှု၊ ရိုဟင်ဂျာများ (မူရင်း) ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရမှုများနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂ၏ အမြင့်ဆုံး တရားရေး အဖွဲ့အစည်းဖြစ်သည့် ICJ တွင် မြန်မာအစိုးရကို အမှုစွဲတင်ခဲ့သည်။  

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ ICJ ၌ လျှောက်လဲကြားနာမှုတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားရောက်ခဲ့သည်။  

ICJ က လူမျိုးတုံးသတ်ဖြတ်မှု တားဆီးကာကွယ်ပေးရေး ကြားဖြတ်လုပ်ငန်းစဉ်များ ချမှတ်ပေးရေးအတွက် ဂမ်ဘီယာ၏ လျှောက်လဲချက်ကို လက်ခံခဲ့ပြီး မြန်မာနိုင်ငံအပေါ် မဖြစ်မနေ လိုက်နာရမည့် ကြားဖြတ်စီမံဆောင်ရွက်ချက် အမိန့်ကို ချမှတ်ခဲ့သည်။ 

ICJ ၏ အမိန့်ချမှတ်ချက်အရ မြန်မာအစိုးရက တရားရုံးထံ လုပ်ဆောင်နေမှု အခြေအနေများနှင့် ပတ်သက်ပြီး ခြောက်လတစ်ကြိမ် အစီရင်ခံစာ တင်သွင်းရခြင်း ဖြစ်သည်။ ပထမအကြိမ် အစီရင်ခံစာကို ပြီးခဲ့တဲ့ မေလက တင်သွင်းခဲ့ပြီး ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required