Sputnik V COVID-19 ကာကွယ်ဆေးက ၉၅ ရာခိုင်နှုန်း ထိရောက်ဟု ရုရှ ပြော 

Sputnik V COVID-19 ကာကွယ်ဆေးက ၉၅ ရာခိုင်နှုန်း ထိရောက်ဟု ရုရှ ပြော 
Photo - AFP

နိုဝင်ဘာ ၂၅ ၊ ၂၀၂၀

ရုရှားနိုင်ငံက စမ်းသပ်ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး Sputnik V ဟာ ၉၅ ရာခိုင်နှုန်း ထိရောက်မှု ရှိတာကို လက်တွေ့စမ်းသပ်အချက်အလက်တွေအပေါ် ဒုတိယမြောက် ဆန်းစစ်ချက်အရ သိရတယ်လို့ ဒီ ဆေးဝါးကို ဖော်ဆောင်နေကြသူတွေက အင်္ဂါနေ့မှာ ပြောပါတယ်။ 

ကာကွယ်ဆေးတစ်လုံးကို နိုင်ငံတကာဈေးကွက်မှာ အမေရိကန်ဒေါ်လာ တစ်ဆယ်ထက် မပိုပဲ ရရှိနိုင်မှာဖြစ်ပြီး နှစ်ကြိမ်ထိုးရမည်ဖြစ်သည်။  ရုရှားပြည်သူတွေက အခမဲ့ ရရှိကြမှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ နိုင်ငံပိုင် Gamaleya သုတေသနစင်တာနဲ့ ရုရှတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေ RDIF အဖွဲ့တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

Sputnik V ကာကွယ်ဆေးဟာ အခြားဆေးတွေလို ရေခဲမှတ်အောက် အပူချိန်မှာ သိုလှောင်စရာ မလိုဘဲ နှစ်ဒီဂရီ ဆဲလ်စီးရပ်စ်နဲ့ ရှစ်ဒီဂရီဆဲလ်စီးရပ်စ်ကြား အပူချိန်မှာ သိုလှောင်နိုင်တယ်လို့ ဆိုပါတယ်။ 

ပထမ ဆေးတစ်မျိုးကို ၄၂ ရက်အတွင်း ရရှိတဲ့ ကနဦးအချက်အလက်တွေအပေါ် မူတည်ပြီး ထိရောက်မှုကို တွက်ချက်ခဲ့တာ ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပထမ ကာကွယ်‌ဆေးဟာ ဆေးထိုးနှံ့ပေးခဲ့သူ ၃၉ ဦးမှာ ၂၈ ရက်အတွင်း ၉၁ ဒသမ ၄ ရာခိုင်နှုန်း ထိရောက်မှုရှိလာခဲ့တာကို ပြသတယ်လို့ သိရပါတယ်။ 

နောက်ပိုင်း ၄၂ ရက်အကြာမှာ ဒုတိယကာကွယ်ဆေးကို ထိုးနှံပေးရာမှာတော့ ၉၅ ရာခိုင်နှုန်းကျော် ထိရောက်တာကို တွေ့ရှိရတယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါပေမယ့် ဒုတိယဆေးကို စမ်းသပ်ရာမှာ ထိုးနှံပေးခဲ့သူ ဘယ်လောက်ရှိပြီး ထိရောက်မှုကို တွက်ချက်ခဲ့တာလဲဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါ။ 

“ဒုတိယဆေးကို စေတနာနဲ့ ပါဝင်ထိုးနှံသူတွေကို ထိုးနှံပေးအပြီး တစ်ပတ်အတွင်းမှာပဲ ရလဒ်ကို ဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။ ဆေးနှစ်မျိုးစလုံးကို သူတို့ရဲ့ ခန္ဓာကိုယ်က တုံ့ပြန်ကြတာကို တွေ့ရှိပါတယ်။”လို့ Gamaleya က ညွှန်ကြားရေးမှူး အလက်ဇန္ဒြား ဂျင်စဘတ်ခ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။ 

ဒုတိယဆေး ထိုးနှံပေးပြီး သုံးပတ်အကြာဆိုရင် ထိရောက်မှုနှုန်း ပိုပြီးမြင့်တက်လာလိမ့်မယ်လို့ စင်တာက မျှော်လင့်ထားကြောင်းလည်း ၎င်းက ပြောပါတယ်။ 

ပထမဆေးကို ထိုးနှံပေးခဲ့သူ စေတနာနဲ့ ပါဝင်သူပေါင်း ၂၂၀၀၀ ရှိပြီး ဆေးနှစ်မျိုးစလုံး ထိုးနှံပေးခဲ့သူက ၁၉၀၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly