နီပေါကွန်မြူနစ်ပါတီအတွင်း အက်ကြောင်း ၊ တရုတ်သံအမတ် နှင့် ဆွေးနွေးမှုများပြုလုပ်

နီပေါကွန်မြူနစ်ပါတီအတွင်း အက်ကြောင်း ၊ တရုတ်သံအမတ် နှင့် ဆွေးနွေးမှုများပြုလုပ်

နိုဝင်ဘာ ၂၄ ၊ ၂၀၂၀

နီပေါကွန်မြူနစ်ပါတီအတွင်း သဘောထားကွဲလွဲမှုများရှိနေချိန်တွင် နီပေါဆိုင်ရာ တရုတ်သံအမတ်ကြီး Hou Yanqi သည် ဝန်ကြီးချုပ် KP Sharma Oli နှင့်တွေ့ဆုံခဲ့ပြီး နှစ်နာရီကြာ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ ဝန်ကြီးချုပ်နေအိမ်နှင့် အုပ်ချုပ်ရေးရုံးမှ သတင်းအရင်းအမြစ်များက သံအမတ် Yanqi သည် အင်္ဂါနေ့ညနေနှောင်းပိုင်းတွင် Oliနှင့် တွေ့ဆုံခဲ့ပြီး‌ ဆွေးနွေးပွဲများ နှစ်နာရီကြာ ပြုလုပ်ခဲ့ကြောင်း ANI သို့ အတည်ပြု ပြောကြားခဲ့သည်။

“တရုတ်သံအမတ်က ညနေစောင်းလောက်မှာ ဝန်ကြီးချုပ် Oli နဲ့ နှစ်နာရီလောက် ဆွေးနွေးခဲ့ကြတယ်”ဟု အုပ်ချုပ်ရေးရုံးမှ အမည်အဖော်လိုသူ အရာရှိတစ်ဦးက ANI အား အတည်ပြုပြောကြားခဲ့သည်။ Baluwatar မှ အခြားအရင်းအမြစ်တစ်ခုက Yanqi နှင့် Oli တို့သည် အာဏာရ ပါတီ၏ စည်းလုံးညီညွတ်ရေးဖြစ်စဉ်နှင့် ပါတီအတွင်း ဖြစ်ပွားနေသော အရေးများအား ဖြေရှင်းရန်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း အတည်ပြုပြောကြားထားသည်။
 
“သူတို့က ပါတီထိခိုက်မှုမရှိဘဲ ဆက်ရှိနေဖို့နဲ့ အစိုးရကို ထိန်းသိမ်းထားဖို့နဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြတယ်။ သံအမတ် Yanqi က အငြင်းပွားမှုတွေက ပြေငြိမ်းပြီးတော့ ကျေအေးနိုင်အောင် ညှိနှိုင်းမှုတွေ ဆက်လုပ်ဖို့ အလေးထားပြောခဲ့တယ်”ဟု Baluwatar မှ အရင်းအမြစ်တစ်ခုက အစည်းအဝေးနှင့် ပတ်သတ်သည့်ဆွေးနွေးမှုများအား ANI သို့ အတည်ပြုပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly