ဖမ်းဆီးထားသော NLD ပါတီဝင်  ၃ ဦး အမြန်ဆုံးလွှတ်ပေးမည်ဟု AA ပြော

ဖမ်းဆီးထားသော NLD ပါတီဝင်  ၃ ဦး အမြန်ဆုံးလွှတ်ပေးမည်ဟု AA ပြော

နိုဝင်ဘာလ ၂၁

ရခိုင့်တပ်တော်(AA) က  ရွေးကောက်ပွဲမတိုင်ခင် ဖမ်းဆီးထားခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် သုံးဦးကို နှစ်ဦး နှစ်ဖက်ညှိနှိုင်းကာ အမြန်ဆုံး ပြန်လွှတ်ပေးသွားမည်ဟု  AA က နိုဝင်ဘာ ၂၁ ရက်နေ့နံနက်ပိုင်း ထုတ်ပြန်လိုက်သည်။

" NLD ပါတီဝင် သုံးဦးအား မိမိတို့အနေဖြင့် မည်သည့်နှိပ်စက်ခြင်းမျိုးမျှမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားပါသည်။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဆင်ပြေပြီး အပြန်အလှန်နားလည်မှုရှိသော အခြေအနေတွင် ၎င်းတို့ သုံးဦးအား အမြန်ဆုံးပြန်လွှတ်ပေးသွားဖြစ်ကြောင်း ရှင်းလင်းစွာ အသိပေးအပ်ပါသည်။" ဟု မကြာသေးခင်ကအထိ အစိုးရတပ်နှင့် တိုက်ပွဲများဆင်နွှဲနေနေခဲ့သည့် AA က သူ၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်သည်။

သို့သော် အစိုးရဘက်က ဖမ်းဆီးထားသော ရခိုင်အမျိုးသားများ၊ AA အဖွဲ့ဝင်များနှင့် ဆွေမျိုးရင်းချာများ  နှင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြ ၍  ဖမ်းဆီးခြင်းခံထားရသော တက္ကသိုလ်ကျောင်းသားများကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် AA က တောင်းဆိုထားသည်။

အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော AA ၏ ထုတ်ပြန်ချက်တွင် NLD ၏  နိုဝင်ဘာ ၁၇ ရက်နေ့ထုတ်ပြန်ချက်ဖြစ်သော " ပြည်သူသို့အသိပေးခြင်း" ကို  ကြိုဆိုထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် NLD က " မိမိတို့အဖွဲ့ချုပ်ကို ထောက်ခံသူများသာမက မထောက်ခံသူများ၏အခွင့်အရေးကိုလည်း ကာကွယ်စောင့်ရှောက်ရမည်ဟု ခံယူပါသည်" ဟု ထဲ့သွင်းဖော်ပြထားသည်။

NLD ပါတီ၏ သဘောထားကြီးမားမှုကို ဖော်ပြခြင်းဟု  AAက တုံ့ပြန်လိုက်သည်။

ရခိုင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော တို့သည် ၂၀၂၀ ရွေးကောက်ပွဲအတွက် တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာသို့ စည်းရုံးရေးခရီးစဉ်သွားရောက်စဉ် အောက်တိုဘာ ၁၄ ရက်က AA ၏ ဖမ်းဆီးထိန်းသိမ်းထားခြင်း ခံနေရသည်။

ဦးမင်းအောင်မှာ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သလို ပြည်နယ် စည်ပင်ဝန်ကြီးဟောင်းဖြစ်သည်။ ဒေါ်နီနီမေမြင့်မှာ လက်ရှိ တောင်ကုတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲကျင်းပသည့်အခါ အဖမ်းခံရသူများဝင်ရောက်ယှဉ်ပြိုင်သည့် နှစ်နေရာလုံးအတွက် ရခိုင်အမျိုးသားပါတီ (ANP) ကပင် အနိုင်ရသွားခဲ့သည်။

ဖမ်းဆီးမှုဖြစ်ပွားပြီးနောက် လုံခြုံရေးကြောင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ကိုးမြို့နယ်ကို ရွေးကောက်ပွဲမကျင်းပရန် ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခဲ့သည်။
 
 AA ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ဆက်စပ်ရွေးကောက်ပွဲများ အချိန်မီ ပြုလုပ်ပေးပြီး အမျိုးသားရင်ကြားစေ့ ရေးကို နှုတ်အားဖြင့်မဟုတ်ဘဲ လက်တွေ့ သက်သေပြဖို့လိုသည်ဟု တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly