တရုတ်သမ္မတ ရှီကျင့်ဖျင်က ကုန်သွယ်ရေးမှာ ၎င်းတို့နိုင်ငံရဲ့ တံခါးဖွင့်လှစ်ထားမှုနှင့် ပတ်သက်၍ အမွှမ်းတင် 

တရုတ်သမ္မတ ရှီကျင့်ဖျင်က ကုန်သွယ်ရေးမှာ ၎င်းတို့နိုင်ငံရဲ့ တံခါးဖွင့်လှစ်ထားမှုနှင့် ပတ်သက်၍ အမွှမ်းတင် 
Photo - AFP

နိုဝင်ဘာ ၁၉

တရုတ်နိုင်ငံအနေနဲ့ ကုန်သွယ်ရေးပိုင်းမှာ တံခါးဖွင့်လှစ်မှုရှိနေအောင် ကြိုးစားသွားမယ်ဆိုပြီး သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာ ၁၉ ရက်မှာ ပြုလုပ်တဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (APEC) ရဲ့ ဖိုရမ်မှာ ပြောကြားလိုက်ပါတယ်။ 

တစ်ဆက်တည်းမှာလည်းပဲ ပြည်တွင်းလုပ်ငန်းတွေကို ပြည်ပယှဉ်ပြိုင်မှုကနေ ကာကွယ်ပေးတဲ့ ဝါဒ (protectionism) နဲ့ပတ်သက်လို့လည်း တရုတ်သမ္မတ ရှီက သတိပေးပြောကြားသွားခဲ့ပါတယ်။ 

ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံနှစ်နိုင်ငံအပါအဝင် ပစိဖိတ်ရပ်ဝန်း နိုင်ငံ ၂၁ နိုင်ငံကို အတူတကွ စုစည်းစေတဲ့ APEC ဖိုရမ်ကတော့ ယခုနှစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် အွန်လိုင်းကနေသာ ကျင်းပခဲ့ရပါတယ်။ 

အဆိုပါ နိုင်ငံ ၂၁ နိုင်ငံရဲ့ စုစုပေါင်း ဂျီဒီပီ ရာခိုင်နှုန်းကတော့ ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီရဲ့ ၆၀ ရာခိုင်နှုန်းလောက်နဲ့ ညီမျှပါတယ်။ 

“တံခါးဖွင့်မှုကပဲ နိုင်ငံတစ်နိုင်ငံကို ရှေ့ဆက်တိုးနိုင်အောင် လုပ်ပေးနိုင်မှာ ဖြစ်တယ်၊ တစ်သီးတစ်ခြား ရှိနေတာမျိုးက ရှေ့မတိုးနိုင်အောင် ချုပ်တည်းထားပါလိမ့်မယ်၊ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းက နဂိုအတိုင်း ပြန်မဖြစ်နိုင်တဲ့ ဦးတည်ရာတစ်ခု ဖြစ်လာခဲ့တဲ့ ယနေ့ ကမ္ဘာကြီးပေါ်မှာ ဆိုရင် ဘယ်နိုင်ငံမှ တံခါးတွေ ပိတ်ထားရင်းနဲ့ သူ့ဘာသာ တိုးတက်ဖွံ့ဖြိုးနိုင်မှာ မဟုတ်ပါဘူး” လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။ 

“ချိတ်ဆက် တွဲချည်မှုကို ဖယ်ရှားတာ ဒါမှမဟုတ် အခြားသူတွေကို ဘေးထွက်နေရစေအောင် သေးငယ်တဲ့ အသိုင်းအဝိုင်းတစ်ခု ဖွဲ့စည်းတာတွေ လုပ်ရင်းနဲ့ ကျွန်တော်တို့ဟာ သမိုင်းကြောင်းအရ ဦးတည်ရာတစ်ခုကို ဆန့်ကျင် သွားတာ ဒါမှမဟုတ် လမ်းကြောင်းကို ဆန့်ကျင်ဘက်ပြောင်းတာတို့ လုပ်မှာမဟုတ်ပါဘူး” လို့ ရှီက ပြောပါတယ်။ 

“ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ချင်စိတ် ရှိတဲ့ အခြားဒေသ၊ အခြားနိုင်ငံ ဒါမှမဟုတ် အခြား ကုမ္ပဏီတိုင်းနဲ့ အကြား ပူးပေါင်းဆောင်ရွက်မှုကို ကျွန်တော်တို့ ကြိုဆိုပါတယ်” လို့လည်း ရှီက ပြောပါတယ်။ 

“အဆုံးသတ်မှာ ကိုဗစ်-၁၉ ကို ကျွန်တော်တို့ အနိုင်ရတဲ့ နေ့တစ်နေ့ကို ရောက်လာပါလိမ့်မယ်၊ ဒီတိုက်ပွဲမှာ ကျွန်တော်တို့ အနိုင်ရပါလိမ့်မယ်၊ ဒီတော့ ကျွန်တော်တို့ စည်းလုံးညီညွတ်မှု ရှိရှိနဲ့ အလုပ်လုပ်ကြပါစို့၊ မုန်တိုင်းဒဏ်ကို အတူတကွ ကြံ့ကြံ့ခံ ကျော်လွှားကြပါစို့၊ တံခါးဖွင့်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေအတိုင်း ကျွန်တော်တို့ မှန်မှန်ကန်ကန် လုပ်ကြပါစို့၊ ပြည်တွင်းနဲ့ ပြည်ပမှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပျံ့နှံ့ရောက်ရှိမှုတွေ လုပ်ကြပါစို့၊ တစ်ဦးနဲ့တစ်ဦး အားပေးကြပါစို့၊ အတူတကွ လုပ်သွားရင် ကျွန်တော်တို့ဟာ ဒီ အာရှ-ပစိဖိတ်မှာရော၊ တစ်ကမ္ဘာလုံးမှာပါ ကျွန်တော်တို့ အားလုံးအတွက် ပိုမို တောက်ပတဲ့ အနာဂတ်တစ်ခုကို သေချာပေါက် ဆောင်ကြဉ်းနိုင်ပါလိမ့်မယ်” လို့ ရှီက ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly