ကာတာနိုင်ငံဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် အရေးပါတဲ့ စမ်းသပ်မှုပြိုင်ပွဲတစ်ရပ်အနေနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် လာမည့်နှစ် ဖေဖော်ဝါရီလမှသာ ကျင်းပနိုင်တော့မှာဖြစ်ပါတယ်။
ဒီနှစ်ရဲ့ ဒီဇင်ဘာလမှာ ဒိုဟာမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒီပြိုင်ပွဲမှာ ချန်ပီယံလိဂ်ချန်ပီယံအသင်းအပါအဝင် အသင်း ခုနှစ်သင်း ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဒီထဲမှာ အိမ်ရှင် ကာတာရဲ့ ချန်ပီယံ Al-Duhail အသင်းလည်း ပါဝင်မှာဖြစ်ပါတယ်။
"ယခုအခါ ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၀ ဖီဖာကလပ်ကမ္ဘာ့ဖလားကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၁၁ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။"လို့ ဖီဖာက ထုတ်ပြတ်ကြေညာချက်မှာ ပြောပါတယ်။
"ဖီဖာနဲ့ အိမ်ရှင်နိုင်ငံအနေနဲ့ ပါဝင်ပတ်သက်သူအားလုံးရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ အကာအကွယ်တွေကို ပေးမှာဖြစ်ပါတယ်။"
ပြိုင်ပွဲအတွက် ဘယ်ကွင်းတွေ အသုံးပြုမယ်၊ လူချင်းအနီးကပ်ထိတွေ့မှု လျှော့ချမှုတွေ ဘယ်လို လုပ်ဆောင်မလဲဆိုတာကိုတော့ ဒေသခံတာဝန်ရှိသူတွေက ပြောဆိုတာ မရှိသေးပါဘူး။
ဒါဟာ ကာတာမှာ ကျင်းပမယ့် နှစ်ကြိမ်ဆက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲလည်းဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ဒိုဟာမှာ လီဗာပူးလ်အသင်းဟာ ဘရာဇီးလ်ရဲ့ ဖလာမင်ဂိုအသင်းကို ဗိုလ်လုပွဲမှာ အနိုင်ရပြီးနောက် ဆုဖလားကိုင်မြှောက်ခဲ့ပါတယ်။
ဥရောပချန်ပီယံ ဘိုင်ယန်မြူးနစ်နဲ့ ကာတာကလပ် Al-Duhail အသင်းတို့ဟာ ပြိုင်ပွဲဝင်ပြိုင်ဖို့အတွက် အတည်ပြုနိုင်တဲ့ အသင်းတွေသာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်ပြိုင်ပွဲဝင် အသင်းတွေကတော့ နှောင့်နှေးဆဲဖြစ်ပါတယ်။
"ကျနော်တို့ ပြိုင်ပွဲကို မျှော်လင့်စောင့်စားနေပါတယ်။"လို့ ဘိုင်ယန်နည်းပြ ဟန်ဆီ ဖလစ်က ပြောပါတယ်။
"ကျနော်တို့ ကလပ်ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်ကစားလိုပြီး ဆုဖလားကိုလည်း ဆွတ်ခူးလိုပါတယ်။"
ဥရောပမှ အသင်း ရှစ်သင်းပါဝင်ပြီး ပြန်လည်ရေးဆွဲခဲ့တဲ့ ၂၄ သင်းပါ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ်မှာ တရုတ်နိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ရွှေ့ဆိုင်းခဲ့တဲ့ ယူရို ၂၀၂၀ နဲ့ ကိုပါအမေရိကပြိုင်တွေဟာ လာမယ့် ဇွန်နဲ့ ဇူလိုင်မှာ ကျင်းပဖို့ စဉ်စားထားတဲ့ကြောင့် ကျင်းပမယ့် ရက်ကို နောက်ကျပြီး ပြန်လည်ရေးဆွဲဖို့ ရှိပါတယ်။
Ref; AFP