တရုတ်အင်အားပြသနေစဉ် ဂျပန်နှင့် သြစတြေးလျအကြား အထင်ကရ လုံခြုံရေး သဘောတူညီချက် ရရှိ 

တရုတ်အင်အားပြသနေစဉ် ဂျပန်နှင့် သြစတြေးလျအကြား အထင်ကရ လုံခြုံရေး သဘောတူညီချက် ရရှိ 

နိုဝင်ဘာ ၁၈

ဂျပန်နှင့် သြစတြေးလျတို့သည် အခက်အခဲ ထိုးဖောက်ကျော်လွှားမှုဆိုင်ရာ ကာကွယ်ရေး သဘောတူညီချက်တစ်ရပ်ကို နိုဝင်ဘာ ၁၇ ရက်တွင် သဘောတူခဲ့ကြပြီး ယင်းသဘောတူညီချက်အရ နှစ်နိုင်ငံအကြား လေ့ကျင့်ရေးနှင့် ပူးတွဲ စစ်ဆင်ရေးများအတွက် အပြန်အလှန် လည်ပတ်သွားလာမှုများကို ခွင့်ပြုသွားမည်ဖြစ်သည်။ 

ထို့ပြင် လက်ရှိအချိန်တွင် တရုတ်တို့ ယင်း၏ စစ်ရေးသြဇာလွှမ်းမိုးမှုကို တိုးချဲ့လျက်ရှိသည့် အငြင်းပွား တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဂျပန်နှင့် သြစတြေးလျတို့၏ ခေါင်းဆောင်များက ထုတ်ဖော်သွားခဲ့ကြသည်။ 

၁၉၆၀ အမေရိကန်-ဂျပန် လုံခြုံရေး သဘောတူညီချက်နောက်ပိုင်း ယခုသဘောတူညီချက်က ဂျပန်အတွက် ယင်း၏ မြေပေါ်တွင် နိုင်ငံခြားစစ်တပ် ရှိနေမှုနှင့် လွှမ်းခြုံပတ်သက်သည့် ပထမဆုံး သဘောတူညီချက်လည်း ဖြစ်သည်။ ၁၉၆၀ သဘောတူညီချက်အရ မဟာမိတ်တစ်ရပ်၏ တစ်စိတ်တစ်ဒေသအဖြစ် ဂျပန်တွင် အမေရိကန် စစ်သင်္ဘောများ၊ ဂျက်လေယာဉ်များ၊ စစ်သည်များ အခြေချခွင့် ပြုထားခဲ့ပြီး ယင်းက ဒေသဆိုင်ရာ လုံခြုံရေး၏ အခြေခံမူဖြစ်သည်ဟု ဝါရှင်တန်က ထုတ်ဖော်ခဲ့သည်။ 

ဒေသတွင်း၌ တရုတ်က ယင်း၏ အခန်းကဏ္ဍကို အင်ပြည့်အားပြည့် ရဲတင်းစွာ ထုတ်ဖော်နေချိန်နှင့် အမေရိကန်တွင် ရှုပ်ထွေးသော ခေါင်းဆောင်မှု အကူးအပြောင်းတစ်ရပ်ကို ဖြတ်သန်းနေရချိန် အခိုက်အတန့်တွင် ယခုကဲ့သို့ အပြန်အလှန် လည်ပတ်ခွင့် သဘောတူညီချက်က အမေရိကန်၏ မဟာမိတ်နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးမည်ဖြစ်သည်။ 

ယခု သဘောတူညီချက်က ဂျပန်နှင့် သြစတြေးလျ တပ်ဖွဲ့ဝင်များကို နှစ်နိုင်ငံအကြား အပြန်အလှန် လည်ပတ်ခွင့် နှင့် လေ့ကျင့်မှုများ၊ ပူးတွဲ စစ်ဆင်ရေးများ လုပ်ဆောင်ခွင့် ပြုပြီး ယင်းကို တိုကျိုသို့ အလည်အပတ်ခရီး ရောက်နေသော သြစတြေးလျ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင် နှင့် ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆုဂါ တို့က မူအားဖြင့် သဘောတူညီခဲ့သည်။ 

“အပြန်အလှန် ဝင်ထွက်မှု သဘောတူညီချက်ကို မူအားဖြင့် ကျွန်တော်တို့ ရရှိခဲ့ပြီ ဆိုတာကို ကျွန်တော် ကြေညာချင်ပါတယ်၊ ဂျပန်နဲ့ သြစတြေးလျအကြား လုံခြုံရေးနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို လယ်ဗယ်သစ်တစ်ခုဆီ မြှင့်တင်ဖို့အတွက် ဒါကို ညှိနှိုင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်” လို့ ဂျပန်ဝန်ကြီးချုပ်က ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

စစ်ဘက် တပ်ဖွဲ့များကို ပိုမို လျင်လျင်မြန်မြန် တပ်ဖြန့်မှုကို ထောက်ကူမည့် ထိရောက်သော စီစဉ်မှုများကို ယခုသဘောတူညီချက်က ထူထောင်ပေးထားသည်ဟု မော်ရစ်ဆင်က ပြောသည်။ 

ထို့ပြင် လိုအပ်ပါက သြစတြေးလျ တပ်ဖွဲ့များကို ဂျပန်စစ်တပ်က ကာကွယ်ပေးမှုကို ခွင့်ပြုမည့် မူဘောင်တစ်ခု လိုအပ်ကြောင်းကိုလည်း နှစ်ဘက်စလုံးက သဘောတူခဲ့ကြောင်း ပူးတွဲ ထုတ်ပြန်ချက်တွင် ပြောခဲ့သည်။ 

သြဂုတ်လလယ်နောက်ပိုင်းကတည်းက အမေရိကန်သည် တောင်တရုတ်ပင်လယ်သို့ စစ်သင်္ဘောများ စေလွှတ်ခြင်းဖြင့် တရုတ်ကို ထပ်တလဲလဲ အနှောင့်အယှက်ဖြစ်ထားစေခဲ့သလို ယင်းဒေသတွင် ကျွန်းတုများ တည်ဆောက်ပြီး စစ်ပုံသွင်းခြင်းတွင် ပါဝင်ပတ်သက်ထားခဲ့သည့် တရုတ်လုပ်ငန်းအဖွဲ့အစည်း ၂၄ ခုကို နာမည်ပျက်စာရင်းသွင်းခဲ့သည်။ 

တရုတ်က ယင်းအနေဖြင့် တောင်တရုတ်ပင်လယ်တွင် နိုဝင်ဘာ ၁၇ ရက်မှစ၍ နိုဝင်ဘာကုန်အထိ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်နေမည်ဖြစ်ကြောင်း ပြောခဲ့သည်။ 

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်၏ ကျူးကျော်မှုနှင့် တရုတ် အစိတ်အပိုင်းများကို သိမ်းပိုက်ခြင်း၏ အမွေအနှစ်က လက်ရှိအချိန်အထိ နှစ်နိုင်ငံ ဆက်ဆံရေးကို ခြောက်လှန့်နေပြီး ယင်းနှစ်နိုင်ငံသည် အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းများ ပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ အငြင်းပွားနေသည်။ 

သြစတြေးလျနှင့် တရုတ်အကြား ဆက်ဆံရေးသည်လည်း ယခုနောက်ပိုင်း ဆိုးရွားနေခဲ့သည်။ ယင်း၏ အရေးကိစ္စများတွင် တရုတ်တို့ ဝင်စွက်ဖက်သည်ဟု သြစတြေးလျက စွပ်စွဲထားခဲ့သလို ပြီးခဲ့သည့် တစ်နှစ်နီးပါးအကြာက တရုတ်တွင် ပထမဆုံး ဖော်ထုတ်တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်နှင့်ပတ်သက်၍ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် သြစတြေးလျက တောင်းဆိုထားခဲ့ပြီးနောက် သြစတြေးလျ-တရုတ်အကြား ဆက်ဆံရေး အေးစက်နေခဲ့သည်။ 

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွား အင်္ဂါရပ်များတွင် စစ်ပုံသွင်းမှုများ၊ ကမ်းခြေစောင့်ရေယာဉ်များကို အန္တရာယ်ကြီးစွာ အတင်းအကျပ် အသုံးပြုမှုများအပါအဝင် မကြာသေးခင်က အန္တရာယ်ဖြစ်စေနိုင်သော ဖြစ်ပေါ်မှုများ၊ စိုးရိမ်ဖွယ်ရာ ဖြစ်စဉ်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဂျပန်နှင့် သြစတြေလျ ခေါင်းဆောင်များက ထုတ်ဖော်ခဲ့ကြသည်။ 

ထို့ပြင် အရှေ့တရုတ်ပင်လယ်နှင့် ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း အထက်ပါ ဂျပန်နှင့် သြစတြေးလျ ခေါင်းဆောင်များက ထုတ်ဖော်ခဲ့ကြသည်။ ဟောင်ကောင်တွင် တရုတ်က တင်းကျပ်သော အမျိုးသားလုံခြုံရေး ဥပဒေသစ်တစ်ရပ်ကို ပြဋ္ဌာန်းထားခဲ့ပြီး သဘောထားကွဲလွဲမှုများအပေါ် နှိပ်ကွပ်နေသည်။ 

ဂျပန်နှင့် သြစတြေးလျ နှစ်ဘက်ခေါင်းဆောင်များသည် 5G ကွန်ရက် နည်းပညာ၊ ပင်လယ်ရေအောက် ကေဘယ်လ်များ နှင့် အလွန်အရေးပါသော တွင်းထွက်ပစ္စည်း ဖြည့်ဆည်းထောက်ပံ့မှုအတွက် ရင်းမြစ် ဖူလုံမှု ဆိုင်ရာတို့တွင် ပိုမို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ 

“နိုင်ငံရေး ဖိအားတစ်ရပ် ကျင့်သုံးဖို့အတွက် ကုန်သွယ်မှုကို လက်နက်တစ်ခုအနေနဲ့ ဘယ်တော့မှ အသုံးမပြုသင့်ပါဘူး” လို့ ဆုဂါနဲ့ မော်ရစ်ဆင်တို့က ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly