ရေနစ်နေတဲ့ အမျိုးသမီးအား ကယ်ဆယ်ပေးခဲ့တဲ့ ဗြိတိန်သံတမန်ကို တရုတ် ချီးကျူး 

ရေနစ်နေတဲ့ အမျိုးသမီးအား ကယ်ဆယ်ပေးခဲ့တဲ့ ဗြိတိန်သံတမန်ကို တရုတ် ချီးကျူး 

နိုဝင်ဘာ ၁၇ 

တရုတ်နိုင်ငံတောင်ပိုင်းက မြစ်တစ်စင်းထဲ ပြုတ်ကျသွားပြီး ရေနစ်နေခဲ့တဲ့ ကျောင်းသူတစ်ဦးအား ဒိုင်ဗင်ထိုး ဆင်းကယ်ပေးခဲ့တဲ့ ဗြိတိန်သံတမန်တစ်ဦးကို ပေကျင်းအစိုးရက နိုဝင်ဘာ ၁၇ ရက်မှာ ချီးကျူးကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ 

ဒါဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ရှားစောင်းစေးနဲ့ မျက်ချေးဆိုသလို ဖြစ်နေခဲ့တဲ့ နှစ်နိုင်ငံအကြား ရှားရှားပါးပါး လှိုက်လှဲခင်မင်မှု အခိုက်အတန့် တစ်ခု ဖြစ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့သီတင်းပတ်ကုန်တုန်းက အနီးအနားရှိ ခရီးသွားမြို့တစ်မြို့ကို ဖြတ်ကာ စီးဆင်းသွားတဲ့ မြစ်တစ်စင်းထဲ ပြုတ်ကျသွားခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ဗြိတိန်ကောင်စစ်ဝန်ချုပ် စတီဖန် အလီဆန်က ဆင်းပြီး ကယ်တင်ပေးခဲ့တာဖြစ်တယ်လို့ တရုတ်အနောက်တောင်ပိုင်း ချုံချင်းမြို့မှာ ရှိတဲ့ ဗြိတိန်သံတမန်အဖွဲ့က နိုဝင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။ 

ခုလိုမျိုး မြစ်ထဲ ကျသွားတဲ့ အမျိုးသမီးကို ဗြိတိန်သံတမန် ဆင်းကယ်ပေးတာကို ရိုက်ကူးမိထားတဲ့ ဗီဒီယိုတစ်ခုဟာလည်း တရုတ် လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ရာမှာ ကြည့်ရှုမှုပေါင်း သန်း ၁၇၀ ကျော်အထိ ရှိခဲ့ပါတယ်။ 

အဲဒီ ဗီဒီယိုထဲမှာတော့ အလီဆန်ဟာ သူ့ဖိနပ်တွေကို ချွတ်ပြီး မြစ်ထဲ ခုန်ဆင်းကာ အမျိုးသမီးကို ဆင်းကယ်ပေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

“သူရဲ့ ရဲရင့်တဲ့ လုပ်ရပ်အတွက် သူ့ကို ချီးကျူးသင့်တယ်လို့ ထင်ပါတယ်၊ ကျွန်တော် သူ့ကို လက်မ ထောင်ပြချင်ပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက နိုဝင်ဘာ ၁၇ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။ 

အလီဆန်ရဲ့ လုပ်ရပ်အပေါ် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒိုမိနစ် ရက်ဘ်ကလည်း ချီးကျူးခဲ့ပြီး “သူ့ရဲ့ ရဲစွမ်းသတ္တိနဲ့ နစ်မြုှပ်လုပ်ကိုင်မှုက ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ဗြိတိန်သံတမန်တွေ သိပ်တော်တယ်ဆိုတာကို ပြသနေပါတယ်” လို့ တွစ်တာမှာ ရေးခဲ့ပါတယ်။ 

အသက် ၆၁ နှစ်ရှိ အလီဆန်ဟာ ပေကျင်းမှာ ရှိတဲ့ အဓိကသံရုံးမှာ နှစ်တွေနဲ့ချီ တာဝန်ထမ်းခဲ့ပြီး နိုင်ငံတောင်ပိုင်း မြို့မှာ ယခုလက်ရှိ တာဝန်ကို မကြာသေးခင်ကမှ တာဝန်ထမ်းနေခဲ့တာဖြစ်ပါတယ်။ 

လက်ရှိ ဗြိတိန်နဲ့ တရုတ်အကြား ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ခုလို ချီးကျူးမှုဖြစ်ရပ် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ 

ဟောင်ကောင်နဲ့ ရှင်ကျန်း အရေးအပါအဝင် ကိစ္စရပ်တွေမှာ လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ပတ်သက်လို့ ဗြိတိန်က မကြာခဏဆိုသလို တရုတ်အပေါ် ဝေဖန်မှုတွေ လုပ်ထားခဲ့တာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly