ဖိလစ်ပိုင်မှာ တိုင်ဖုန်းမုန်တိုင်းအတွင်း လူ ၂၇ ဦး သေဆုံး  

ဖိလစ်ပိုင်မှာ တိုင်ဖုန်းမုန်တိုင်းအတွင်း လူ ၂၇ ဦး သေဆုံး  
Photo - AFP

 နိုဝင်ဘာ ၁၄

ဖိလစ်ပိုင်နိုင်ငံမှာ နှစ်များစွာအတွင်း ရပ်ရွာဒေသတွေမှာ အဆိုးဝါးဆုံး ရေကြီးမှုတွေဖြစ်ပြီး လူထောင်ပေါင်းများစွာ နေအိမ်စွန့်ထွက်ပြေးရတဲ့ တိုင်ဖုန်းမုန်တိုင်း ဗမ်ကို တိုက်ခတ်အပြီးမှာ သေဆုံးသူဦးရေဟာ ၂၇ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောပါတယ်။  

ရေကြီးရေလျှံမှုတွေ ကြုံခဲ့ရတဲ့ မြို့တော် မနီလာမှာဆိုရင်တော့ မြို့နေတွေဟာ ရွံ့တွေ တင်ကျန်ဖုံးလွှမ်းပြီး ပစ္စည်းပစ္စယတွေ ပျက်စီးသွားရတဲ့ သူတို့ အိမ်တွေဆီ ပြန်လာကြပါပြီ။ ရေလွှမ်းမှုကြောင့် အိမ်တွေမှာ တင်ကျန်ရစ်တဲ့ ရွံ့နွံတွေကို ဒေသခံတွေ ရှင်းလင်းနေရပါတယ်။   

ဗမ်ကိုမုန်တိုင်းဟာ သီတင်းပတ်အတန်ကြာအတွင်းမှာ တတိယမြောက် ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်တဲ့ မုန်တိုင်းပဲ ဖြစ်ပြီး မနီလာနဲ့ အနီးဝန်းကျင်က မြေနိမ့်ပိုင်းတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ရတာပါ။  

ရေကြီးရေလျှံချိန်က လူတွေဟာ အိမ်ခေါင်းမိုးတွေနဲ့ အထပ်ခိုးပေါ်တွေမှာ ပိတ်မိနေလို့ ကြက်ခြေနီ၊ စစ်တပ်၊ ရဲနဲ့ ကယ်ဆယ်ရေးသမားတွေက ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ရပါတယ်။  

မနီလာမြို့တော်ရဲ့ အဆိုးဆုံး ကြုံရတဲ့ ဒေသဖြစ်တဲ့ မာရီကီနာမြို့မှာ အဝတ်လျှော်စက်တွေ၊ တီဗီတွေ၊ ဆိုဖာထိုင်ခုံတွေ၊ ကုလားထိုင်တွေနဲ့ စက်ဘီးတွေစတဲ့ အိမ်ထောင်သုံးပရိဘောဂပစ္စည်းတွေ ရွံ့တွေ ဖုံးလွှမ်းကျန်ရစ်လို့ လူတွေဟာ လမ်းတွေပေါ် အပျက်အစီးတွေကို စုပုံလာထားကြပါတယ်။  

ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေ ဗမ်ကိုမုန်တိုင်းဟာ လူဦးရေအများဆုံးဖြစ်တဲ့ လူဇွန်ကျွန်းကို တိုက်ခတ်သွားတာကြောင့် ပြည်သူထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်နေတုန်းပဲ ဖြစ်ပြီး မြေပြိုမှုတွေ၊ သစ်ပင်ပြိုလဲမှုတွေနဲ့ လမ်းတွေ ပိတ်ဆို့တာတွေ ဖြစ်နေပါတယ်။  

အခု တိုင်ဖုန်းအတွင်းမှာ သေဆုံးသူ ၂၇ ဦး ရှိကြောင်း အရပ်ဖက်ကာကွယ်ရေးဌာနရဲ့ စာရင်းတွေက ဖော်ပြပါတယ်။ 

သေဆုံးသူတွေမှာ အချို့ဟာ ဘယ်သူဘယ်ဝါဆိုတာ စစ်ဆေးနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပြီး သေဆုံးသူ ထပ်တိုးနိုင်တယ်လို့လည်း ဆိုကြပါတယ်။  

ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့ကတော့ သေဆုံးသူ ၄၂ ဦး ရှိတယ်လို့ စာရင်းတင်ထားပါတယ်။ 

အခု ဗမ်ကိုမုန်တိုင်း ဒဏ်ကို ဒေသက ပြည်သူတွေအနေနဲ့ မိုလိနဲ့ ဂွမ်နီမုန်တိုင်းတွေကို ရင်ဆိုင်ကြုံတွေ့ပြီး သီတင်းပတ်တွေအတွင်းမှာပဲ တတိယမြောက် မုန်တိုင်းအဖြစ် ကြုံတွေ့ခံစားကြရတာ ဖြစ်ပါတယ်။  

ဂွမ်နီမုန်တိုင်းအတွင်းမှာ လူဒါဇင်များစွာ သေဆုံးပြီး အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးလို့ လျှပ်စစ်မီးတွေ ပြတ်တောက်နေတာကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေဆဲကာလမှာပဲ ခုလို ဗမ်ကိုမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly