အိန္ဒိယရဲ့ ဈေးတွေမှာ ဒီပါဝလီနေ့မတိုင်ခင် ဝယ်သူတွေနဲ့ ပြည့်နှက်နေခဲ့ရာ ဗိုင်းရပ်စ်ကူးစက်မှု ထိုးတက်မှာကို စိုးရိမ် 

အိန္ဒိယရဲ့ ဈေးတွေမှာ ဒီပါဝလီနေ့မတိုင်ခင် ဝယ်သူတွေနဲ့ ပြည့်နှက်နေခဲ့ရာ ဗိုင်းရပ်စ်ကူးစက်မှု ထိုးတက်မှာကို စိုးရိမ် 
Photo - AFP

နိုဝင်ဘာ ၁၄

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ဈေးတွေမှာ နိုဝင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ ဈေးဝယ်သူတွေနဲ့ အထူးစည်ကား ပြည့်နှက်နေခဲ့ရာမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တစ်ရှိန်ထိုး မြင့်တက်နိုင်တဲ့အပေါ် စိုးရိမ်ပူပန်မှုတွေကို မြင့်တက်စေခဲ့ပါတယ်။ 

ယင်းနိုင်ငံမှာ ဈေးဝယ်သူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ မီးခိုးမြူတွေကို အရေးမစိုက်ဘဲ နိုင်ငံရဲ့ အကြီးဆုံးသော အားလပ်ရက်ပွဲတော်တစ်ခုဖြစ်တဲ့ ဒီပါဝလီပွဲတော်နေ့ မတိုင်မီ ဈေးတွေမှာ ဝယ်ခြမ်းကြရင်းနဲ့ အထူးစည်ကားနေခဲ့တာ ဖြစ်ပါတယ်။ 

ဒီပါဝလီ မီးထွန်းပွဲတော် မတိုင်မီ အစားအသောက်နဲ့ လက်ဆောင်ပစ္စည်းတွေ ဝယ်ယူကြတဲ့ ဈေးဝယ်သူတွေက ပြောကြားရာမှာတော့ သူတို့ အနီးအနားမှာ ဘယ်လိုမျိုး လူ့အသက်သေစေနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရှိနေပါစေ မလွတ်မလပ်နဲ့ စိတ်ကျဉ်းကျပ်နေခဲ့ရတဲ့ အခြေအနေအပေါ် စိတ်ကုန်နေကြပြီလို့ ပြောခဲ့ကြပါတယ်။ 

နယူးဒေလီမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ် ၈,၆၀၀ ဦးအထိ စံချိန်တင် တွေ့ရှိခဲ့ပြီး ဒါဟာ ကပ်ရောဂါ စတင်ပြီးနောက်ပိုင်း အမြင့်မားဆုံး ကိန်းဂဏန်းဖြစ်တယ်လို့ သိရပါတယ်။ 

တချိန်တည်းမှာပဲ ခုလိုမျိုး ဝယ်သူတွေနဲ့ ဖွေးဖွေးလှုပ်နေတဲ့ ဈေးတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု များစေတဲ့ နေရာတွေ အလွယ်တကူ ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။ 

အိန္ဒိယမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ စုစုပေါင်း ၈ ဒသမ ၇ သန်းနီးပါး ရှိပြီး ယင်းနိုင်ငံဟာ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေ ဒုတိယအများဆုံး ရှိနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာတော့ လူဦးရေ ၁ ဒသမ ၃ ဘီလီယံ ရှိ အိန္ဒိယနိုင်ငံတစ်ဝန်း အဓိကမြို့ကြီးတွေမှာ ဒီပါဝလီပွဲတော်ကာလ ဗိုင်းရပ်စ် ကူးစက်မှုတွေ တစ်ရှိန်ထိုး မြင့်တက်သွားနိုင်တဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အန္တရာယ်ရှိတဲ့ လယ်ဗယ်နဲ့ လေထုညစ်ညမ်းမှုတွေ သီတင်းပတ်တစ်ပတ်နီးပါးကြာ ရှိနေတာကလည်း ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ပိုဆိုးစေခဲ့ပါတယ်။ 

လူဦးရေ သန်း ၂၀ ခန့် ရှိတဲ့ နယူးဒေလီမြို့တွင်းက အစည်ကားဆုံးနေရာတစ်ခုဖြစ်တဲ့ လာဂျ်ပတ် နာဂါ ဈေးရဲ့ လမ်းကျဉ်းကျဉ်းလေးထဲမှာ ပြည့်နှက်နေတဲ့ ဈေးဝယ်သူတွေကို နှာခေါင်းစည်းတွေ တပ်ကြဖို့၊ လူခွာနေမှု စည်းမျဉ်းတွေအတိုင်း ထိန်းသိမ်းလိုက်နာကြဖို့ အသံချဲ့စက်နဲ့ သတိပေးနေခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly