ရေကြီးရေလျှံမှုမှာ ပိတ်မိနေတဲ့ ဖိလစ်ပိုင်ပြည်သူတွေကို ကယ်ထုတ်လျက်ရှိနေ

ရေကြီးရေလျှံမှုမှာ ပိတ်မိနေတဲ့ ဖိလစ်ပိုင်ပြည်သူတွေကို ကယ်ထုတ်လျက်ရှိနေ
Photo - AFP

နိုဝင်ဘာ ၁၃ ၊ ၂၀၂၀

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ ရွာတွေအနှံ့ ကယ်ဆယ်ရေးသမားတွေဟာ ရေဘေးအတွင်း ပိတ်မိနေကြတဲ့ ပြည်သူတွေကို လိုက်လံရှာဖွေ ကယ်ထုတ်ပေးနေရပါတယ်။ 

သီတင်းပတ်တွေအတွင်း တတိယမြောက်အဖြစ် တိုက်ခတ်တဲ့ တိုင်ဖုန်းမုန်တိုင်း ဗမ်ကိုကြောင့် မိုးသည်းထန်စွာ ရွာသွန်းရာက ခုလို ရေကြီးမှုတွေ ဖြစ်ပွားပြီး ဒေသခံတွေဟာ အိမ်တွေမှာ ပိတ်မိနေသလို အိမ်ခေါင်မိုးတွေပေါ်မှာပါ ပိတ်မိနေကြတာ ဖြစ်ပါတယ်။ 

တိုင်ဖုန်မုန်တိုင်း ဗမ်ကိုဟာ လေတိုက်နှုန်း တစ်နာရီ ၁၅၅ ကီလိုမီတာ ( ၉၆ မိုင်) နှုန်းနဲ့ နိုင်ငံရဲ့ အကြီးဆုံး လူဇွန်ကျွန်းကို ကြာသပတေးနေ့က ဖြတ်သန်းတိုက်ခတ်သွားခဲ့တာပါ။ 

မြေပြိုမှုတွေနဲ့ ကမ်းရိုးတန်းဒေသတွေမှာ လူသေဆုံးမှုတွေ ဖြစ်နိုင်တဲ့ လှိုင်းထန်မှုတွေ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ 

“နေရာတော်တော်များများ ရေလွှမ်းနေတယ်။ ပြည်သူတွေဟာ အကူအညီ အော်ဟစ်တောင်းနေကြတယ်။”လို့ မြို့တော်နဲ့ ဘေးချင်းကပ်ရှိ ရီဇယ်ပြည်နယ်က အငြိမ်းစား သဘာဝဘေးအရာရှိ ဆန်တို့စ်က ပြောပါတယ်။ 

အခု ဗမ်ကိုမုန်တိုင်းကြောင့် ဖြစ်ရတဲ့ ရေကြီးမှုတွေဟာ ၂၀၀၉ ခုနှစ်က လူရာပေါင်းများစွာ သေဆုံးခဲ့ရတဲ့ တိုင်ဖုန်မုန်တိုင်း ကတ်ဆာနာရဲ့ ဖျက်အားကြီးမားခဲ့တာကို ပြန်အမှတ်ရစေတယ်လို့ သူက ပြောပါတယ်။ 

ဗမ်ကိုမုန်တိုင်းကြောင့် မိုးရွာသွန်းတဲ့ ပမာဏဟာ ကတ်ဆာနာမုန်တိုင်းတုန်းက ရွာသွန်းခဲ့တဲ့ ပမာဏလောက် ရှိနေပြီလို့ အရပ်ဖက်ကာကွယ်ရေးရုံးက တာဝန်ရှိသူတစ်ဦးက ပြောပြီး အနီးနားက တောင်တွေပေါ်ကနေ ရေတွေ စီးကျလာမှာကြောင့် ဒီထက်ရေကြီးမှု ပိုဆိုးနိုင်တယ်လို့ သတိပေးပါတယ်။ 

မြို့တော်ရဲ့ အဆိုးဝါးဆုံး ဘေးကြုံနေရာအရပ်ဖြစ်တဲ့ မာရီကီနာမြို့မှာ အိမ်တွေထဲ ပိတ်မိနေတဲ့ ပြည်သူတွေဆီကို ဖိလစ်ပိုင်ကြက်ခြေနီ၊ ရဲ၊ စစ်တပ်နဲ့ အခြား ကယ်ဆယ်ရေးသမားတွေက စက်လှေတွေနဲ့ သွားရောက်ကယ်ထုတ်နေရတာ ဖြစ်ပါတယ်။ 

မြို့တော်ရဲ့ အချို့လမ်းတွေမှာ လူပုခုံးလောက်အမြင့်အထိ ရေကြီးရေလွှမ်းနေတာလည်း ဖြစ်ပါတယ်။ 

“ကျွန်တော်တို့ ကြုံနေရတဲ့ အခု ဘေးဒုက္ခဟာ ကတ်ဆာနာမုန်တိုင်းတုန်းကအတိုင်းပါပဲ။”လို့ မာရီကီနာမြို့တော်ဝန် တီရိုဒေါရိုက စီအင်န်အင်န်သတင်းကို ပြောပါတယ်။ 

“အိမ်ခေါင်းမိုးတွေပေါ်၊ အိမ်ဒုတိယအထပ်တွေမှာ ပိတ်မိနေဆဲ ပြည်သူတွေ အများကြီး ရှိနေသေးတယ်။ ရေကြီးမှု မကြုံဖူးတဲ့ မြို့တော်ခန်းမလို နေရာမျိုးတွေတောင် ရေကြီးရေလျှံနေတော့တာ ဖြစ်တယ်။”လို့ သူက ပြောပါတယ်။ 

ကမ်မာရင်းနော်တီပြည်နယ်မှာ အနည်းဆုံး လူ နှစ်ဦး သေဆုံးပြီး လေးဦး ပျောက်ဆုံးနေတယ်လို့ အရပ်ဖက်ကာကွယ်ရေးရုံးက နောက်ဆုံးထုတ်ပြန်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly