ယခုနှစ်ရဲ့ အားအပြင်းဆုံး မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင်ဆီ တတိယမြောက်မုန်တိုင်း ဦးတည်လာနေ

ယခုနှစ်ရဲ့ အားအပြင်းဆုံး မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင်ဆီ တတိယမြောက်မုန်တိုင်း ဦးတည်လာနေ
Photo - AFP

နိုဝင်ဘာ ၁၁

ဖိလစ်ပိုင်နိုင်ငံမှာ သီတင်းပတ်တွေအတွင်း တတိယမြောက် မုန်တိုင်း ဦးတည်လာနေတာကြောင့် အရင် မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဒေသတွေက ပြည်သူထောင်ပေါင်းများစွာဟာ ဗုဒ္ဓဟူးနေ့မှာ နေအိမ်စွန့် ဘေးလွတ်ရာ ရှောင်ပြေးရပါတယ်။

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း တိုင်ဖုန်းမုန်တိုင်း ဂွန်နီ မွှေနှောက်ဖျက်ဆီးခဲ့ရာ ကတ်တန်ဒူအန်နီကျွန်းဆီ ဗမ်ကိုမုန်တိုင်း ဝင်ရောက်မယ် ခန့်မှန်းထားပြီး ကြာသပတေးနေ့အစောပိုင်းမှာ လူနေထူထပ်တဲ့ လူဇွန်ကွန်းကုန်းတွင်းဆီ ဝင်ရောက်ဖို့ ရှိနေပါတယ်။

လူဇွန်ကျွန်း အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ ဖျက်ဆီးမွှေနှောက်မယ့် လေပြင်းတွေ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ နိုင်ငံမိုးလေဝသဌာနက ကြေညာထားပါတယ်။

အခု တိုင်ဖုန်းမုန်တိုင်း လမ်းကြောင်းမှာ နေထိုင်တဲ့ ပြည်သူ ငါးသောင်းနီးပါးကို နေအိမ်တွေကနေ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်ထုတ်ရမှာဖြစ်တယ်လို့ မြို့ပြကာကွယ်ရေးဌာန ပြောခွင့်ရသူ အလက်ဇီနက်ဇ်က ပြောပါတယ်။

ဗမ်ကိုမုန်တိုင် မနီလာဆီ ဦးတည်ချိန်မှာ ဖြတ်သန်းသွားမယ့် ဘိုင်ကိုအရပ်ဟာဆိုရင် သေကျေပျက်စီးမှု များပြားတဲ့ မိုလိနဲ့ ဂွမ်နီမုန်တိုင်းဒဏ် သင့်ထားရာ ဒေသဖြစ်ပြီး လူဒါဇင်များစွာ သေဆုံးသလို ထောင်ပေါင်းများစွာ မိသားစုတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။

အခုနှစ်မှာ အားအပြင်းဆုံးဖြစ်တဲ့ ဂွမ်နီမုန်တိုင်းကြောင်း အဲဒီ ဒေသအနှံ့မှာ လျှပ်စစ်မီးတွေနဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး ဓာတ်တိုင်တွေ လဲပြိုကျနေသလို အိမ်တွေပျက်စီးပြီး လမ်းတွေ ရေလွှမ်းနေဆဲပဲ ဖြစ်ပါတယ်။

လူ လေးသိန်းနီးပါးကို ကြိုတင်ရွှေ့ပြောင်းမှုတွေ ဆောင်ရွက်ပေးနိုင်ခဲ့တာကြောင့်သာ လူအသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဂွမ်နီမုန်တိုင်းကြောင့် အရေးပေါ်ခိုလှုံရေးစခန်းတွေ ပျက်စီးထားတာကြောင့် အခု မုန်တိုင်းဝင်ရောက်မှာအတွက် ဘေးလွတ်ရာရွှေ့ပြောင်းပေးနိုင်ရေးမှာ ခက်ခဲရှုပ်ထွေးမှုတွေလည်း ရှိနေပါတယ်။

“ပြန်လည်ထူထောင်ရေးက တစ်ရာခိုင်နှုန်းပဲ ဆောင်ရွက်နိုင်သေးတဲ့အချိန်မှာ အခု ဗမ်ကိုမုန်တိုင်း ဦးတည်လာနေတော့တာ ဖြစ်ပါတယ်။”လို့ ကတ်တန်ဒူအန်နီ အုပ်ချုပ်ရေးမှူး ဂျိုးဆက်ချူးက ဌာနေသတင်းမီဒီယာကို ပြောပါတယ်။

“ပြည်သူတွေကတော့ ကျွန်တော်တို့ကို ကူညီဖို့ တွန့်ဆုတ်ကြမှာ မဟုတ်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။”ဆိုပြီး သူက ပြောပါတယ်။

ဗမ်ကိုမုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ ကုန်းတွင်းပိုင်း မဝင်ရောက်မီ အပြင်းဆုံး တစ်နာရီ မိုင် ၈၀ ကနေ ၉၅ မိုင် (ကီလိုမီတာ ၁၃၀ ကနေ ၁၅၅ ကီလိုမီတာ) အထိ ရောက်ရှိမယ်လို့ မိုးလေဝသဌာနက ကြေညာထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly