အမ်းတွင် အာဏာရပါတီနှင့် တိုင်းရင်းသားပါတီတို့ကို ကျော်လွန်ကာ ပြည်ခိုင်ဖြိုး အနိုင်ရ

အမ်းတွင် အာဏာရပါတီနှင့် တိုင်းရင်းသားပါတီတို့ကို ကျော်လွန်ကာ ပြည်ခိုင်ဖြိုး အနိုင်ရ
နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၁ နာရီခန့်က ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲရေတွက်နေစဉ် (ဓာတ်ပုံ - အောင်အောင်ထူး)

နိုဝင်ဘာ ၉၊ ၂၀၂၀

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ်တောင်ပိုင်း အမ်းမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိသွားကြောင်း ယင်းပါတီတာဝန်ရှိသူက ပြောသည်။

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာများကို အနိုင်ရရှိသွားခြင်းဖြစ်ပြီး အမ်းနှင့်ရမ်းဗြဲ နှစ်မြို့နယ်ပါဝင်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ်နေရာတွင်မူ ရခိုင်အမျိုးသားပါတီ (ANP) ကို လက်ရှိ မဲရလဒ်များအရ ရှုံးနိမ့်နေသည်။

“သေချာတာက နှစ်နေရာပါ။ အမ်းက ပြည်သူ့လွှတ်တော်ပါ။ အမ်းက ပြည်နယ်လွှတ်တော် မဲဆန္ဒတစ်နေရာပါ။ လက်ရှိမဲရလဒ် အခြေအနေအရ သံတွဲ၊ ဂွ၊ ကျောက်ဖြူကတော့ ပြတ်သွားပါပြီ။ ရမ်းဗြဲကလည်း ပြတ်ခါနီးနေပါပြီ။ (မဲဆန္ဒနယ်အားလုံး) အကုန်လုံးမှာ ပြိုင်ထားတာ” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်ပြည်နယ်ဥက္ကဋ္ဌဒေါက်တာ စမ်းရွှေက ပြောသည်။

ယင်းမြို့နယ်သည် ရခိုင်ပြည်နယ်အတွင်းမှ ရွေးကောက်ပွဲ ကျင်းပခွင့်ရသည့် မြို့နယ် ရှစ်ခုတွင် ပါဝင်ခဲ့သော်လည်း ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) နေရာမှာ ပိတ်သိမ်းသည့် နယ်မြေအတွင်း ပါဝင်သွားခဲ့သည်။ သို့ဖြစ်၍ ပြည်နယ်လွှတ်တော် တစ်နေရာ၊ ပြည်သူ့လွှတ်တော် တစ်နေရာနှင့် ရမ်းဗြဲနှင့်ပေါင်းသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်နေရာတို့တွင်သာ ကျင်းပခွင့် ရရှိခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ဒေသဖြစ်သည့်အလျောက် တပ်မတော် မိသားစုများစွာ ရှိသည်။ ကော်မရှင်၏ စာရင်းများအရ အမ်းမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၀၀၀၀ ဝန်းကျင်နှင့် မဲရုံ စုစုပေါင်း ၂၆ ရုံ ရှိခဲ့သည်။

ပြည်ခိုင်ဖြိုးမှ လက်ရှိ အနိုင်ရရှိထားသည့် ပြည်သူ့လွှတ်တော်နေရာသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံထားရသည့် ဒေါက်တာ အေးမောင် အနိုင်ရရှိခဲ့သော မဲဆန္ဒနယ်ဖြစ်ပြီး ယင်းပါတီမှ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း တစ်ဦးသာ အမ်းမှ ပြည်နယ်လွှတ်တော် တစ်နေရာ အနိုင်ရရှိခဲ့သည်။

လက်ရှိအချိန်အထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ မဲရလဒ်များကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသော်လည်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်များ၏ ပြောကြားချက်အရ ရခိုင်အမျိုးသားပါတီ (ANP) က မဲအသာစီး ရနေသည့် မြို့နယ်များ ရှိနေသည်။

ANP ပါတီသည် စစ်တွေ၊ မာန်အောင်၊ ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့မှ လွှတ်တော်သုံးရပ်စလုံးတွင် အနိုင်ရှရှိထားပြီး အမ်းနှင့် ကျောက်ဖြူတို့မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နေရာများတွင်ပါ မဲအသာစီးရနေကြောင်း ပါတီတာဝန်ရှိသူက ဆိုသည်။

အာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ရခိုင်ပြည်နယ်တောင်ပိုင်းမှ သံတွဲနှင့် ဂွတို့မှ မဲဆန္ဒနယ်အားလုံးတွင် အနိုင်ရထားသည်ဟု သိရသည်။ ထိုနည်းတူ ဒေါက်တာ အေးမောင် တည်ထောင်ထားသည့် ရခိုင့်ဦးဆောင်ပါတီ (AFP) သည်လည်း ကျောက်ဖြူမြို့နယ်မှ အမျိုးသားလွှတ်တော်မှအပ ကျန်မဲဆန္ဒနယ် သုံးခုတွင် အနိုင်ရရှိထားသည်။

ယခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်များကိုလည်း အနိုင်ရရှိလာခြင်း ဖြစ်သည်။

“ကျွန်တော်တို့ သင်္ဘောနဲ့သွားတယ်။ ကမ်းမတက်ရဘူး။ ပင်လယ်ကနေ ကျွန်တော်တို့ လှုံ့ဆော်စည်းရုံးတယ်။ ပြည်သူလူထုက ကမ်းပေါ်ကနေ မျက်ရည်ကျလောက်အောင် ခံစားရတာပေါ့။ ညီညွတ်တဲ့၊ စည်းလုံးတဲ့၊ ခိုင်မာတဲ့ အမျိုးသားညီညွတ်ရေးကို ကျွန်တော်တို့ တည်ဆောက်နိုင်တယ်လို့ ခံယူပါတယ်။ ဆက်လက်ပြီးလည်း လုပ်စရာတွေ အများကြီးရှိသေးတယ်။ ဒီနေ့ NLD သံတွဲခရိုင်မှာ အခိုင်အမာ တည်ဆောက်ထားပေမယ့် ကျွန်တော်တို့ ထိုးဖောက်နိုင်ပြီ။ ဒါဟာ ရခိုင်တမျိုးသားလုံးရဲ့ အောင်ပွဲပါပဲ” ဟု ရခိုင်အမျိုးသားပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်ကျော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required