ကယားပြည်နယ်မှ ထင်ရှားသည့် လွှတ်တော်ကိုယ်စားလောင်းများ၏ မဲရလာဒ်

ကယားပြည်နယ်မှ ထင်ရှားသည့် လွှတ်တော်ကိုယ်စားလောင်းများ၏ မဲရလာဒ်

နိုဝင်ဘာ ၉

ဦးလှထွေး (လက်ရှိ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ)

ကယားပြည်နယ်လွှတ်တော် ရှားတော မဲဆန္ဒနယ် အမှတ် ၂ မှ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လက်ရှိပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး အနိုင်မရခဲ့ဘဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မာဝင်း က အနိုင်ရရှိခဲ့ကြောင်း ကနဦး သတင်းအရ သိရှိရသည်။

ဦးလှထွေးသည် ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီ ကိုယ်စားပြု၍ ရှားတောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နေရာတွင် အနိုင်ရခဲ့ပြီး ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် နေသူလည်း ဖြစ်သည်။

NLD ပါတီမှ နုတ်ထွက်ခွင့်ပြုခဲ့ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲကို ရှားတောမြို့နယ်တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ ရှားတောမြို့နယ်တွင် မဲရုံ ၉ ရုံ ရှိပြီး မဲပေးခွင့်ရှိသူ ၅၆၂၈ ဦး ရှိသည်။

ဦးစိုးသိန်း ( သမ္မတရုံး ပြည်ထောင်စု ဝန်ကြီးဟောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ )
ပြည်သူ့လွှတ်တော် ဘော်လခဲ မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဟောင်း ဦးစိုးသိန်းက ၄၆၅ မဲ ဖြင့် အပြတ်အသတ် ဦးကို အနိုင်ရရှိကြောင်း ကနဦး သတင်းများအရ သိရသည်။

ဦးစိုးသိန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဘော်လခဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီမှ ထပ်မံ ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

ဦးခင်မောင်ဦး(ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း)

ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဦးခင်မောင်ဦး ( ခ ) ဦးဘူးရယ်သည် ယခုရွေးကောက်ပွဲ၌ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP ) ကိုယ်စားပြု၍ လွိုင်ကော် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရဘဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ဦးခင်မောင်ဖြူကို ရှုံးနိမ့်ခဲ့သည်။

ဦးခင်မောင်ဦးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဦးအယ်(လ်)ဖောင်းရှို (ပြည်နယ်ဝန်ကြီးချုပ်ဟောင်း)

ကယားပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင်ဝင်ရောက်ယှဉ်ပြိုင်သည့် NLD ပါတီမှ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို က ကယားပြည်နယ် ဒီမိုက ရက်တစ် ပါတီ ( KySDP ) မှ နော်မြင့်ထူး ကို အနိုင်ရရှိနေကြောင်း ကနဦးသိရသည်။
မယ်စဲ့မြို့တွင် မဲရုံ ၉ နေရာရှိပြီး မဲပေးခွင့်ရှိသူ ၅၂၇၅ ဦးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly