နိုဝင်ဘာ ၈ ၊ ၂၀၂၀
ရခိုင်ပြည်နယ် စစ်တွေမြို့လယ်က အောင်မင်္ဂလာရပ်ကွက်မဲရုံမှာ ရခိုင်အမျိုးသားပါတီ ANP က မဲအများဆုံးနဲ့ အနိုင်ရရှိသွားတယ်လို့ ရပ်ကွက်ကော်မရှင်တာဝန်ရှိသူတွေက ကြေညာပါတယ်။
ANP ကိုယ်စားပြုတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်ကျော်က ၂၉၀ မဲ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ၃၁၃ မဲနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သာနို့က ၃၀၉ မဲစီနဲ့ အနိုင်ရရှိသွားတာပါ။
ဓာတ်ပုံ - အောင်အောင်ထူး
နောက်ထပ်ရလဒ်တွေအနေနဲ့ကတော့ ရခိုင့်ဦးဆောင်ပါတီက ပြည်နယ်လွှတ်တော်မှာ ၁၄၆ မဲ၊ အမျိုးသားလွှတ်တော်မှာ ၁၉၀၊ ပြည်သူ့လွှတ်တော်မှာ ၁၄၅၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်နယ်လွှတ်တော်မှာ ၇၉ မဲ၊ ပြည်သူ့လွှတ်တော်မှာ ၇၉ မဲ၊ အမျိုးသားလွှတ်တော်မှာ ၅၉၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြည်နယ်လွှတ်တော်မှာ ၃၂ မဲ၊ ပြည်သူ့လွှတ်တော်မှာ ၃၅ မဲနဲ့ အမျိုးသားလွှတ်တော်မှာ ၃၁ မဲတို့ ဖြစ်ပါတယ်။
ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂ မဲနဲ့ တသီးပုဂ္ဂလက ၂ မဲစီရခဲ့ပါတယ်။
ဒီရလာဒ်တွေဟာ ရွေးကောက်ပွဲမတိုင်မီ ကောက်ယူထားတဲ့ ကြိုတင်မဲနဲ့ ဒီကနေ့မှာ မဲရုံကို လာပေးတဲ့ မဲရလဒ်တွေကို စုစည်းရေတွက် ထုတ်ပြန်တာလို့ မဲရုံတာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီရပ်ကွက်မှာ မဲဆန္ဒရှင်ပြည်သူ ၁၁၀၃ ဦးရှိပြီး ရခိုင်၊ မွတ်ဆလင်နဲ့ ဟိန္ဒူ၊ မရမာကြီးလူမျိုးတွေလည်း ပါဝင်ပါတယ်။