၂၀၂၀ အထွေထွေရွေးကောက်ပွဲ အကြို သုံးသပ်ခန့်မှန်းချက် (တနင်္သာရီတိုင်းဒေသကြီး)

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အကြို သုံးသပ်ခန့်မှန်းချက် (တနင်္သာရီတိုင်းဒေသကြီး)
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်းမကန်ကမ်းခြေရှိ ငါးဖမ်းလှေများအနီးတွင် လမ်းလျှောက်နေသည့် တံငါသည်တစ်ဦးကို  တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

တနင်္သာရီတိုင်းဒေသကြီး

၂၀၁၄ ခုနှစ်သန်းခေါင်းစာရင်း လူဦးရေ     =၁၄၂၂၂၅၈ ဦး

ရွေးကာက်ခံနေရာနှင့် ၂၀၁၅ မဲရလဒ်

ရွေးကောက်ခံနေရာ         = ၄၃ နေရာ

  • •    ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၀ နေရာ
  •         အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၁၀ နေရာ။
  • •    အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ
  • အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၁၂ နေရာ။
  • •    တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် ၂၀ နေရာ
  • အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၂၀ နေရာ။
  • •    တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၁ နေရာ
  •         အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တစ်နေရာ။

၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများ

တနင်္သာရီတိုင်းအတွင်း အကြိတ်အနယ်ယှဉ်ပြိုင်ကြရမည့်ပါတီများ -

  • -    အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊
  • -    ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊
  • -    ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊
  • -    ပြည်သူ့ပါတီ၊
  • -    ပြည်သူ့ရှေ့ဆောင်ပါတီ၊
  • -    မွန်ညီညွတ်ရေးပါတီ၊
  • -    တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊
  • -    မြန်မာနိုင်ငံလယ်သမားအလုပ်သမားမဟာမိတ်ပါတီ၊
  • -    ကရင်ပြည်သူ့ပါတီ၊
  • -    အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊
  • -    ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊
  • -    ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၊
  • -    ထားဝယ်တိုင်းရင်းသားများပါတီ။

 
အားကောင်းပြီး ယှဉ်ပြိုင်မှုပြင်းထန်မည့်ပါတီများ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ထားဝယ်တိုင်းရင်းသားများပါတီ။

     တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်များ။
ကော့သောင်း၊ ဘုတ်ပြင်း၊ ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ ကျွန်းစု၊ တနင်္သာရီ၊ ပုလော၊ မြိတ်

လွှမ်းခြုံမြင်ကွင်း

တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် ၂၀ ခုရှိပြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာရှိသည်။ ထိုင်းနိုင်ငံနှင့် ကူးလူးဆက်သွယ်မှုများပြီး၊ လူမျိုးဘာသာအစုံအလင်ရှိသည့် တိုင်းဒေသကြီးတစ်ခုလည်းဖြစ်သည်။ နာမည် ကျော် သဘာဝကမ်းခြေ၊ ကျွန်းစုများတည်ရှိပြီး ငါးလုပ်ငန်းလည်းပေါသည်။ လူမျိုးအနေဖြင့် ထားဝယ်လူမျိုး၊ ကရင်၊ မွန်နှင့် တခြားတိုင်းရင်းသားအနည်းငယ်ရှိသည်။ လူမှုအသိုင်းအဝိုင်း စုံလင်သည့် ယင်းတိုင်းဒေသကြီး၏ ၂၀၁၅ ရွေးကောက်ပွဲတွင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တိုင်းလွှတ်တော်တွင် ရာနှုန်းပြည့် (၂၀) နေရာလုံး အပြည့်အဝနိုင်ခဲ့သည်။၂၀၁၅ တွင် ဒေသခံထားဝယ်တိုင်းရင်းသားများပါတီက ပြည်နယ်တွင် ၇ နေရာအထိဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာပင် အနိုင်ရရှိခဲ့ခြင်းမရှိပါ။ ထို့ကြောင့် NLD အနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် တစည (ခေါ်) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့ကို အဓိကပြိုင်ခဲ့ရသည်ဟု ဆိုနိုင်သည်။ သို့သော် ယခုရွေးကောက်ပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီက NLD ဝေစုထဲက ထိုင်ခုံတချို့ အနိုင်ရဖို့မျှော်လင့်ချက် တချို့ရှိလာသည်။ အကြောင်းက တနင်္သာရီတိုင်းဒေသကြီးတွင်ရှိသည့် အရပ်ဖက်အဖွဲ့အစည်းတချို့နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ NLD ပါတီ၏ ဆောင်ရွက်ချက်များက တိုင်းရင်းသား အရေးကို ဘေးဖယ်ထားသည်ဟု မြင်လာကြခြင်းကြောင့်ဖြစ်သည်။ တချိန်က ၎င်းတို့သည် NLD ပါတီ အောင်နိုင်ရေးအတွက် ဝန်းရံခဲ့ကြသူများလည်းဖြစ်သည်။ မဲပေးနိုင်သူ သက်ကြီးပိုင်းနှင့် ပညာတတ် လူမှုအသိုင်းအဝိုင်း နည်းပါးသည့်အချက်သည်လည်း NLD ပါတီအောင်နိုင်ရေးအတွက် သော့ချက်ဖြစ်သည်ဟု ထားဝယ်ဒေသတွင်း နိုင်ငံရေးလေ့လာသူများက မြင်ကြသည်။ ဥပမာအားဖြင့် ရွေးချယ်ခံ
ကိုယ်စားလှယ်၏ အမည်ကိုပင် သိရှိခြင်းမရှိဘဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးသည်ဆိုသည့်သဘောဖြင့် ပေးကြသည့်လူဦးရေက ဆက်လက်ကြီးစိုးနေဆဲဖြစ်သည်။ ထို့အပြင် မိမိကိုယ်ကို ထားဝယ်လူမျိုးဟု ခံယူကြသည့် လူဦးရေနည်းပါးလာခြင်းသည်လည်း တိုင်းရင်းသားပါတီမဲနိုင်ခြေ အားနည်းသည့်အချက်ဖြစ်သည်။ တနည်းအားဖြင့် ထားဝယ်တိုင်းရင်းသားများသည် ဗမာမှုလွှမ်းမိုးခြင်းခံရခြင်းကြောင့် ယနေ့အခြေအနေသို့ ဆိုက်ရောက်လာခြင်းဖြစ်သည်ဟု ကောက်ချက်ချသူတချို့လည်းရှိနေပြန်သည်။ ထို့ကြောင့် ထိုင်ခုံ ၂၀ နေရာတွင် အနည်းဆုံး ၁၅ ခုံ ဝန်းကျင် NLD က နိုင်မည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံတွင် ဂယက်အရိုက်ဆုံး ပြည်နယ်ထဲတွင် တနင်္သာရီတိုင်းလည်းပါဝင်သည်။ အထူးသဖြင့် အမျိုးသမီးဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့် ဒေါက်တာလဲ့လဲ့မော်၏ လာဘ်စားသည့်ကိစ္စက ဟိုးလေးတကျော်ပင်ဖြစ်သည်။ သူသည်
ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ်နှစ်ပေါင်း ၃၀ ချမှတ်ခံလိုက်ရသည်။ ထိုကဲ့သို့ ဆိုးရွားသည့် လာဘ်စားမှုကြောင့် NLD ပုံရိပ်ထိခိုက်ပြီး နိုင်ငံရေးတွင်ပါ အထိနာနိုင်ကြောင်း အစောပိုင်းတွင် သုံးသပ်မှုရှိကြသည်။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWO) အဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်နုနုလှိုင်၏ ပြောပြချက်က ယင်းကိုထင်ဟပ်စေသည်။ "ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်က ဒီမှာအတော်လေးကြီးပါတယ်။"
ပြည်နယ်မဲဆန္ဒနယ်များအနက် သရက်ချောင်း၊ လောင်းလုံနှင့်ကော့သောင်းမြို့နယ်များတွင် ထားဝယ်တိုင်းရင်းသားများပါတီကို လူကြိုက်များလာကြသည်။ ပြည်နယ်မဲဆန္ဒနယ်တချို့တွင် ကြံ့ခိုင်ရေးပါတီနှင့် မွန်၊ ကရင် အစရှိသည့် ကျေးရွာအုပ်စုအခြေပြုများသည့်နေရာများတွင်လည်း မဲကွဲမှုများရှိနေသည်။ သို့သော် လူကြိုက်များသည့် NLD ၏ အင်အားကိုရိုက်ချိုးဖို့ ယင်းအရေအတွက်က လုံလောက်မှုရှိ၊ မရှိက မသေချာပါ။ ထို့ကြောင့် ကျန်မြို့နယ်များဖြစ်သော ထားဝယ်၊ ဘုတ်ပြင်း၊ ကျွန်းစု၊ မြိတ်၊ ပလော၊ တနင်္သာရီ၊ ရေဖြူမြို့နယ်များကို NLD အပိုင်စားနယ်များဟု ဆိုနိုင်သည်။ ဤနေရာတွင် ချန်လှပ်ထားလို့မရသည့် ကိုယ်စားလှယ်လောင်းတစ်ဦးလည်း ရှိနေပြန်သည်။ လွှတ်တော်နိုင်ငံရေးတွင် လူသိများကြသည့် ဒေါက်တာညိုညိုသင်း ဖြစ်၏။ သူသည် တနင်္သာရီမြို့နယ်ကိုယ်စားပြု အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၉)အတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ သို့သော် တနင်္သာရီအခြေစိုက် နိုင်ငံရေးလေ့လာသူတချို့က သြဇာကြီးမားသည့်ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကိုကျော်လွန်နိုင်သည့်၊ တနည်းအားဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများလှသည့် အခြေအနေတွင် ဒေါ်ညိုညိုသင်းအတွက် အောင်ပွဲမှာ အလှမ်းဝေးလွန်းသည်ဟု ကောက်ချက်ချကြသည်။ ထို့ကြောင့် ပြည်နယ်လွှတ်တော်နှင့် ဝန်ကြီးချုပ် ခန့်အပ်သည့် ကိစ္စများကို ခြုံငုံသုံးသပ်ကြည့်လျှင် NLD ပါတီက တနင်္သာရီတိုင်းတွင် ယခင်အတိုင်း ဆက်လက်ထိန်းထားနိုင်မည်ဖြစ်သည်။  
တိုင်းမဲရလာဒ်များခန့်မှန်းရန် မစုစု (ထားဝယ်အမျိုးသမီးသမဂ္ဂ) နှင့် မနုနုလှိုင် (တက်ကြွလှုပ်ရှားသူ)
တို့ကိုဖိတ်ခေါ်ထားပါတယ်။

မစုစု  

ကော့သောင်း၊ ဘုတ်ပြင်း၊ ရေဖြူ၊ ကျွန်းစု၊ တနင်္သာရီ၊ ပုလော၊ မြိတ်
တနင်္သာရီတိုင်းမှာတော့ အများစုက ကိုယ်စာလှယ်လောင်းကို မကြည့်ကြဘူး၊ ပါတီကိုပဲကြည့်ကြတာ အထူးသဖြင့်ဒေါ်အောင်ဆန်းစုကြည်မျက်နှာကိုပဲကြည့်ကြတာ၊ အဲ့အတွက် နေရာအများစုက NLD ပဲအနိုင်ရနိုင်ပါတယ်။ ကော့သောင်း၊ ဘုတ်ပြင်း၊ ရေဖြူ၊ ကျွန်းစု၊ တနင်္သာရီ၊ ပုလော၊ မြိတ် ဒီလိုနေရာတွေမှာပါ။

မနုနုလှိုင်
  ထားဝယ်မြို့မှာ USDP အားပြန်ကောင်းနိုင်
ထားဝယ်မြို့နယ်ပေါ်မှာ အခြေခံပြီးတော့ ပြောမယ်ဆိုရင် ဒီဝန်ကြီးချုပ်ဟောင်း ဦးမြတ်ကိုဆိုရင် လူထုကသူ့ကို အရမ်းကြိုက်ကြတယ်လေ သူဝန်ကြီးချုပ်ဖြစ်တဲ့အခါ၊ သူက ပြည်ခိုင်ဖြိုးပါတီကပါ။ ဒါလည်း ပြန်ပြီးနိုင်နိုင်တဲ့အခြေအနေတော့ရှိနေတယ်။ ဒါပေမယ့် အဲ့ဒါတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ရွေးချယ်မှုအပေါ်မှာ အများကြီးမူတည်နေတဲ့အခါကျတော့ ကျွန်မတို့ကတော့ ဒီလိုမျိုး တွေ့ရှိချက်တွေမှာတော့ နည်းနည်းတော့ ရှိတာပေါ့။

မစုစု
  အာဏာရပါတီထက် ထားဝယ်တိုင်းရင်းသားပါတီက ပိုအားကောင်းနိုင်တဲ့ မြို့နှစ်မြို့                                                         

 သရက်ချောင်း
“သူ့ရဲ့နိုင်ငံရေးခံယူချက်လည်းပါမယ်၊ ပြီးတော့အရည်အချင်းလည်းရှိတယ်၊ နောက်သူက အရပ်ဘက်အဖွဲ့အစည်းမှာလည်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ အကြာကြီးလုပ်ထားတဲ့သူဖြစ်တဲ့အတွက် အားကောင်းနိုင်တယ်။ သူကစည်းရုံးရေးလည်းအားကောင်းတာတွေ့ရတယ်။ နောက်အရေးခံရတဲ့ ဝန်ကြီးချုပ်လဲ့လဲ့မော်ကလည်း ၂၀၁၅ တုန်းက သရက်ချောင်းက ဝင်ပြိုင်တာဖြစ်တယ်။ နောက်နှစ်ယောက်မှာလည်း တစ်ယောက်က နုတ်ထွက်သွားတာမျိုး၊ တစ်ယောက်ကလည်းကျန်းမာရေးကြောင့် ဘာမှမလုပ်နိုင်တာမျိုးဖြစ်သွားတဲ့အတွက်ဖြစ်ပါတယ်။”
 
  လောင်းလုံး
“လောင်းလုံးမြို့နယ်ရဲ့ထူးချားချက်က ထားဝယ်လူမျိုးတစ်မျိုးတည်းနေထိုင်တာဖြစ်တယ်။ နောက်တစ်ခုက ထားဝယ်တိုင်းရင်းသားပါတီက ဝင်ပြိုင်မယ့်သူက ဒီအထူးစီးပွားရေးဇုံကိစ္စတွေမှာ ဖြစ်တဲ့ လယ်သိမ်း၊ ယာသိမ်းကိစ္စတွေကို ဆန့်ကျင်ပေးတဲ့၊ ဦးဆောင်ကူညီပေးတဲ့သူဖြစ်တဲ့အတွက်သူ့ကို ထောက်ခံသူများတယ် အဲ့တော့ သူက နိုင်ချေများနိုင်တယ်။”

မနုနုလှိုင် (တက်ကြွလှုပ်ရှားသူ)

  နေရာအများစုနိုင်ဦးမည့် ဒီချုပ်ပါတီ
     ကျွန်မတို့ဆီမှာ နိုင်နိုင်ခြေ ရှိတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတော့ ခန့်မှန်းတယ်။ ပထမနိုင်နိုင် ချေရှိတဲ့ပါတီဖြစ်နိုင်တယ်။ အများစုကလည်း သူ့ရဲ့နိုင်ငံရေးအခြေအနေအရ ဒီလိုမှန်းဆကြပါတယ်။ ဒါပေမယ့်လည်း ကျန်တဲ့ တိုင်းရင်းသားပါတီတို့ အခြားပါတီတို့ ပြည်သူ့ရှေ့ဆောင်ပါတီတို့ ရှိလာတာကိုလည်း တွေ့ရတယ်။ ဒါပေမယ့်လည်း သူတို့ရဲနိုင်နိုင်တဲ့ အခြေအနေကိုတော့ ခန့်မှန်းလို့မရသေးဘူးပေါ့။

   အာဏာရပါတီအတွက် သေချာနေဆဲ ကော့သောင်းခရိုင်၊ မြိတ်ခရိုင်
“ဒီမြို့တွေမှာတော့ အာဏာရပါတီပဲအနိုင်ရနေဦးမယ်လို့ ထင်ပါတယ်။ နိုင်ငံရေးသုံးသပ်သူတွေလည်း ဒီလိုခန့်မှန်းကြတယ်၊ ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူတွေလည်းများတဲ့အတွက် ဖြစ်တယ်။ ကျန်တဲ့ပြိုင်ဘက်ပါတီ USDP တို့၊ တိုင်းရင်းသားပါတီတွေနဲ့ ပါတီသစ်တွေကတော့ ဒီတစ်ခေါက်မှာ အာဏာရပါတီကို နိုင်နိုင်ဖို့ဆိုတာမလွယ်သေးပါဘူး။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly