ဖိလစ်ပိုင်မှာ စူပါတိုင်ဖွန်းမုန်တိုင်း ဂွန်နီတိုက်ခတ်လို့ လူ ၁၀ ဦးထက်မနည်း သေဆုံး  

ဖိလစ်ပိုင်မှာ စူပါတိုင်ဖွန်းမုန်တိုင်း ဂွန်နီတိုက်ခတ်လို့ လူ ၁၀ ဦးထက်မနည်း သေဆုံး  
Photo - AFP

နိုဝင်ဘာ ၂ 

ဖိလစ်ပိုင်နိုင်ငံမှာ နိုဝင်ဘာ ၁ ရက်က အားပြင်းတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ဂွန်နီတိုက်ခတ်မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ မုန်တိုင်းကြောင့် နေအိမ်အမိုးတွေ ပျက်စီးကာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့ပြီး  မုန်တိုင်းဒဏ်အဆိုးရွားဆုံးခံရတဲ့ဒေသက လူရာပေါင်းများစွာ ဘေးလွတ်ရာမှာ ခိုလှုံနေကြရပါတယ်။ 

နိုင်ငံအလယ်ပိုင်း အယ်လ်ဘေးပြည်နယ်က ရွာအများပြားလည်း ရေနပ်မြုပ်လျက်ရှိပါတယ်။ 

ဒီနှစ်မှာ အပြင်းထန်ဆုံးတိုင်ဖွန်းမုန်တိုင်းဖြစ်တဲ့ ဂွန်နီကြောင့် ရေကြီးမှု၊ မြေပြိုမှုတွေဖြစ်ခဲ့ပြီး လူဦးရေအများဆုံးလူဇုန်ကျွန်းတောင်ပိုင်းက အိမ်အများအပြား မြေပြိုမှုဒဏ်ခံခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

စူပါတိုင်ဖွန်းမုန်တိုင်း ဂွန်နီဟာ တနင်္ဂနွေနေ့ကအာရုဏ်မတက်မီ ကာတန်ဒူယန်နီကျွန်းဆီဝင်ရောက်ခဲ့ပြီး လေတိုက်နှုန်း တစ်နာရီကို ၂၂၅ ကီလိုမီတာ (၁၄၀ မိုင်) နှုန်းနဲ့ တိုက်ခတ်ခဲ့ကာ ဒေသတစ်လွှားမှာ မိုးအပြင်းအထန်ရွာသွန်းခဲ့ပါတယ်။ 

မုန်တိုင်းဒဏ်ကြောင့် အယ်လ်ဘေးပြည်နယ်မှာ အနည်းဆုံး လူကိုးဦးနဲ့ ကာတန်ဒူယန်နီပြည်နယ်မှာ တစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ပြကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။  

၎င်းတို့အနက် သုံးဦးကတော့ မီးတောင်ပြာမြေပြိုမှုကြောင့် သေဆုံးခဲ့ကြတာဖြစ်ပြီး အယ်လ်ဘေးပြည်နယ်က မေယွန်မီးတောင်အနီး ရွာနှစ်ရွာက အိမ်ပေါင်းများစွာ မြေပြိုမှုကြောင့်နစ်မြုပ်ခဲ့တယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။  

“ကျွန်တော်တို့ လူ သုံးယောက်ရဲ့ရုပ်အလောင်းကို တွေ့ထားပါတယ်။ နောက်ထပ် ပျောက်နေတဲ့ သုံးယောက်ကိုလည်း ထပ်ရှာနေပါတယ်” လို့ ဂွီနိုဘာတန်မြို့က ရဲမှူးကြီး ဒိုမင်ဂိုတာပဲလ်က ပြောပါတယ်။ 

လူပေါင်း ၄၀၀ ၀၀၀ နီးပါး နေအိမ်စွန့်ခွါခဲ့ကြရပြီး အများစုက ကယ်ဆယ်ရေးစခန်းတွေမှာ နေ,နေကြတယ်လို့ မြို့ပြကာကွယ်ရေးဌာနက ပြောပါတယ်။ 

မနီလာလေဆိပ်ကိုလည်း ပိတ်ထားပြီး ရေကြီးမှုကြုံတွေ့နိုင်တဲ့ မြေနိမ့်ပိုင်းက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly