အာမေးနီးယား-အဇာဘိုင်ဂျန် တိုက်ပွဲမှာ လိုအပ်ပါက အာမေးနီးယားကို ထောက်ကူမယ်လို့ ရုရှား ကတိပြု 

အာမေးနီးယား-အဇာဘိုင်ဂျန် တိုက်ပွဲမှာ လိုအပ်ပါက အာမေးနီးယားကို ထောက်ကူမယ်လို့ ရုရှား ကတိပြု 
Photo - AFP

နိုဝင်ဘာ ၁ 

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် ပဋိပက္ခတိုက်ပွဲအတွင်း တကယ်လို့များ တိုက်ခိုက်မှုတွေဟာ အာမေးနီးယား နယ်မြေပိုင်နက်ထဲအထိ ရောက်လာမယ်ဆိုရင်တော့ အာမေးနီးယားကို လိုအပ်တဲ့ အကူအညီတွေ ပေးသွားမယ်လို့ ရုရှားက အောက်တိုဘာ ၃၁ ရက်မှာ ကတိပြုလိုက်ပါတယ်။ 

ဒီမတိုင်မီတုန်းက အာမေးနီးယားဟာ ယင်းရဲ့မဟာမိတ် ရုရှားထံကနေ လုံခြုံရေးအကူအညီ တောင်းခံခဲ့တာဖြစ်ပါတယ်။ 

ခုလိုမျိုး အာမေးနီးယားက မော်စကိုဆီကနေ အကူအညီ ပန်ကြားတောင်းခံမှုကတော့ ခွဲထွက် နာဂေါ်နို ကာရာဘက်ခ် ဒေသအရေး ဆယ်စုနှစ်တွေချီကြာ ပဋိပက္ခထဲကို အာမေးနီးယားရဲ့ မဟာမိတ် ရုရှားနဲ့ အဇာဘိုင်ဂျန်ရဲ့ မဟာမိတ် တူရကီတို့ ပါဝင်ပတ်သက်လာမယ့်အပေါ် စိုးရိမ်ပူပန်မှုတွေကို ထပ်မံမြင့်တက်စေခဲ့ပါတယ်။ 

လုံခြုံရေး အကူအညီအတွက် တိုင်ပင်ဆွေးနွေးမှုတွေ အရေးတကြီး စတင်သွားဖို့ အာမေးနီးယား ဝန်ကြီးချုပ် နီကိုးလ် ပါရှင်ယန်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထံ တရားဝင် ပန်ကြားခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာလည်းပဲ အဇာဘိုင်ဂျန် တပ်ဖွဲ့တွေဟာ ကာရာဘက်ခ်ကို ထိန်းချုပ်ထားတဲ့ အာမေးနီးယား ခွဲထွက်ရေးတပ်ဖွဲ့တွေအပေါ် ရှေ့တိုးဖိအားပေးလာလျက် ရှိပါတယ်။ 

ဒါ့အပြင် အောက်တိုဘာ ၃၀ ရက်က ဂျီနီဗာမှာ လုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေအတွင်း အပစ်ရပ်မှုအသစ်တစ်ခုကို သဘောတူညီဖို့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ မလုပ်ဆောင်နိုင်ခဲ့တဲ့နောက် ခုလို ပန်ကြားချက် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဘက်စလုံးကတော့ အရပ်သားပြည်သူတွေကို တမင်ရည်ရွယ် ပစ်မှတ်ထားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ 

အောက်တိုဘာ ၃၁ ရက်မှာတော့ နှစ်ဘက်စလုံးက ဂျီနီဗာ သဘောတူညီချက်တွေကို ချိုးဖောက်နေတယ်လို့ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။ 

မာတူနီ ဒေသမှာ အသက် ၅၉ နှစ်အရွယ် ရွာသားတစ်ဦး ၎င်းရဲ့ နေအိမ်မှာ သေဆုံးခဲ့တယ်လို့ ကာရာဘက်ခ် ဒေသ လူ့အခွင့်အရေး အရာရှိ အာတက်ခ် ဘက်ဂလာယန်က ပြောပါတယ်။ ဒါ့အပြင် အဇာဘိုင်ဂျန်တို့ဟာ ခွဲထွက်ဒေသရဲ့ အဓိက မြို့ စတီပါနာကတ်နဲ့ မဟာဗျူဟာကျမြို့  ရှုးရှား တို့ကို တိုက်ခိုက်ခဲ့တယ်လို့လည်း ၎င်းက ပြောပါတယ်။ 

ရှုးရှားမှာ အရပ်သားတွေအပါအဝင် ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကာရာဘက်ခ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ 

တစ်ချိန်တည်းမှာလည်းပဲ စတီပါနာကတ်မြို့ကို လက်နက်ကြီးနဲ့ မပစ်ခဲ့ဘူးလို့ ဘာကူက ငြင်းဆန်ပြောဆိုခဲ့ပါတယ်။ ယင်းအစား အာမေးနီးယားတို့ကသာ တာတာနဲ့ အခြားဒေသတွေမှာ ရှိတဲ့ ကျေးရွာ ၃၀ ကျော်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲသွားခဲ့ပါတယ်။ 

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကတော့ ကာရာဘက်ခ်ဒေသအရေးနဲ့ပတ်သက်လို့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်နေတာ တစ်လကျော်လောက် ရှိနေပြီဖြစ်ပါတယ်။ ကာရာဘက်ခ်ဒေသကတော့ အဇာဘိုင်ဂျန်ရဲ့ ဒေသတစ်ခုဖြစ်တယ်လို့ အသိအမှတ်ပြုခံထားရေပေမယ့် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ယင်းကို အာမေးနီးယား ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။ 

တိုက်ခိုက်မှုတွေအတွင်း လူတစ်ထောင်ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required