နှစ်နှစ်ကြာ တရားဆိုင်ပြီးနောက် အန္တရာယ်ရှိတဲ့ တရားမဝင်အမှိုက်တွေကို ဗြိတိန်ဆီ သီရိလင်္ကာ ပြန်ပို့ 

နှစ်နှစ်ကြာ တရားဆိုင်ပြီးနောက် အန္တရာယ်ရှိတဲ့ တရားမဝင်အမှိုက်တွေကို ဗြိတိန်ဆီ သီရိလင်္ကာ ပြန်ပို့ 
Photo - AFP

 နိုဝင်ဘာ ၁

သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ရဲ့ နှစ်နှစ်ကြာ တရားတဘောင် ရင်ဆိုင်ပြီးနောက်မှာ သီရိလင်္ကာနိုင်ငံဟာ အန္တရာယ်ရှိတဲ့ အမှိုက်တွေကို ဗြိတိန်နိုင်ငံဆီ စတင်ပြန်လည်ပေးပို့ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

အမှိုက်ကွန်တိန်နာပေါင်း ၂၄၂ လုံးကို စတင်ပေးပို့ရာမှာ ပထမအသုတ်အဖြစ် ရေခဲတိုက်က ရုပ်အလောင်းအစိတ်အပိုင်းတွေ အပါအဝင် ဆေးဝါးသုံး စွန့်ပစ်အမှိုက် ကွန်တိန်နာ အလုံး ၂၀ ကို MV Texas Triumph ကုန်တင်သင်္ဘောပေါ်တင်ပြီး ပေးပို့တာဖြစ်ပြီး နောက်ထပ် ကွန်တိန်နာ ၆၅ လံးကို တစ်ပတ်အတွင်းမှာပဲ ပေးပို့မှာဖြစ်တယ်လို့ အကောက်ခွန်ဌာန ပြောခွင့်ရသူ ဆူနေးဂျာယာရာသီက ပြောပါတယ်။ 

“အခု ပထမအသုတ်ကို ပေးပို့ပြီး မကြာမီမှာပဲ နောက်ထပ်သင်္ဘောနဲ့ ထပ်မံပေးပို့ဦးမှာပါ။”လို့ ဂျာယာရာသီက ဆိုပါတယ်။ 

ဒေသတွင်းနဲ့ နိုင်ငံတကာ ကုန်သွယ်စည်းမျဉ်းတွေကို ချိုးဖောက်ပြီး တင်သွင်းထားတဲ့ ဆေးရုံတွေက ဇီဝစွန့်ပစ်အမှိုက်တွေနဲ့ ပလတ်စတစ်အမှိုက် တန်ချိန်များစွာကို ပြန်လည်ပေးပို့ဖို့ သီရိလင်္ကာ အယူခံခုံရုံးက ပြီးခဲ့တဲ့ သီ တင်းနှစ်ပတ်မှာ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

သီရိလင်္ကာဆီ ဒီ အမှိုက်တွေဟာ ၂၀၁၇ စက်တင်ဘာနဲ့ ၂၀၁၈ ဇန်နဝါရီလတွေကြားမှာ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဒီ အမှိုက်တွေကို လက်မခံထားဖို့အရေးအတွက် သဘာဝပတ်ဝန်းကျင် တရားမျှတရေး စင်တာ CEJ က တရား ရုံးဆီ ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ 

အကောက်ခွန်ဌာနဟာ အမှိုက်တွေရဲ့ အမျိုးအစားကို မပြောပေမယ့် ဒီ အမှိုက်တွေမှာ ရင်ခွဲရုံက ထွက်တဲ့ အဝတ်စုတ်တွေ၊ ပတ်တီးတွေနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့လအတွင်းမှာလည်း ဗြိတိန်က ပြန်လည်လက်ခံမယ်လို့ သဘောတူညီခဲ့ပြီးနောက်မှာ အခြား အမှိုက်တန်ချိန် ၂၆၀ ကို ကွန်တိန်နာ ၂၁ လုံးနဲ့ ပြန်လည်ပေးပို့ခဲ့ရပါတယ်။ 

မြို့တော် ကိုလံဘိုဆိပ်ကမ်းနဲ့ လွတ်လပ်သော ကုန်သွယ်မှု ဧရိယာမှာ ထားရှိထားတဲ့ အခု အမှိုက်ကွန်တိန်နာ ၂၄၂ လုံးနဲ့ ပတ်သက်လို့ CEJ က တရားရုံးဆီ လျှောက်ထားလာတော့မှ အာဏာပိုင်တွေဟာ အခု အမှိုက်တွေကို တွေ့ရှိတာပဲ ဖြစ်ပါတယ်။ 

ပလတ်စတစ်အပါအဝင် အန္တရာယ်ရှိတဲ့ အမှိုက်တွေ တင်သွင်းတာနဲ့ ပတ်သက်လို့ စည်းမျဉ်းသတ်မှတ်ထားတဲ့ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပြီး အခု ကွန်တိန်နာ အားလုံးကို သီရိလင်္ကာဆီ ဝယ်ယူတင်သွင်းထားတာဖြစ်တယ်လို့ အကောက်ခွန်ရုံးကလည်း လက်ခံထားပါတယ်။ 

ပြီးခဲ့တဲ့နှစ်က တရားမဝင် တင်သွင်းထားတဲ့ အန္တရာယ်ရှိ အမှိုက် တန်ချိန် ၃၀၀၀ နီးပါးကို  စုံစမ်းစစ်ဆေးရာမှာ တင်သွင်းတဲ့သူဟာ အဲဒီအမှိုက်တွေထဲက တန်ချိန် ၁၈၀ နီးပါးကို ၂၀၁၇ နဲ့ ၂၀၁၈ မှာ အိန္ဒိယနဲ့ ဒူဘိုင်းဆီ ပြန် လည်တင်ပို့ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ 

မကြာသေးတဲ့ နှစ်တွေမှာ အာရှနိုင်ငံအချို့ဟာ အနောက်နိုင်ငံတွေက အမှိုက်ကွန်တိန်နာတွေကို ပြန်လည်ပေးပို့တာတွေ စတင်လုပ်ဆောင်လာခဲ့တာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly