ကပ်ရောဂါ အဆုံးသတ်ဖို့ ဆုတောင်းရင်း ကီလိုမီတာ ၅၀၀ ခရီးနှင်လာတဲ့ သံဃာတော်တွေ ဆိုးလ်ကို ရောက်ရှိ 

ကပ်ရောဂါ အဆုံးသတ်ဖို့ ဆုတောင်းရင်း ကီလိုမီတာ ၅၀၀ ခရီးနှင်လာတဲ့ သံဃာတော်တွေ ဆိုးလ်ကို ရောက်ရှိ 
Photo - AFP

အောက်တိုဘာ ၂၈

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး အဆုံးသတ်သွားစေဖို့ ဆုတောင်းမှုတွေကို ရည်စူးလုပ်ဆောင်ကြတဲ့ တောင်ကိုရီးယား ဗုဒ္ဓသံဃာတော်တွေဟာ ကီလိုမီတာ ၅၀၀ ဝတ်ပြုခရီးတစ်ခုကို ခြေလျင်ခရီးကြွချီလာခဲ့ပြီးနောက် အောက်တိုဘာ ၂၇ ရက်မှာ  ဆိုးလ်မြို့ကို ရောက်ရှိလာခဲ့ကြပါတယ်။ 

“ဒီအခြေအနေ အဆုံးသတ်သွားစေဖို့နဲ့ ဒီနိုင်ငံဟာ ဒီအခြေအနေအပေါ် ကျော်လွှားစေနိုင်ဖို့အတွက် လေးလေးနက်နက် ဆန္ဒပြုတဲ့ စိတ်ဆန္ဒနဲ့အတူ မိမိတို့ သံဃာတွေ ခြေလျင်ခရီးကြွခဲ့ကြတာဖြစ်တယ်” လို့ သံဃာတစ်ပါးက ပြောပါတယ်။ 

သံဃာတော်အပါး ၉၀ တို့ဟာ ဝေယျာဝစ္စ လုပ်ကိုင်သူ ၃၀ ခန့်နဲ့အတူ လမ်းတွေ၊ မြစ်တွေ၊ စက်ဘီးလမ်းကြောင်းတွေကို ဖြတ်ကျော်ရင်း မြို့တော်ဆီ ဦးတည်လျက် ခြေလျင်ခရီးကြွခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါ သံဃာတော်တွေရဲ့ ခရီးကတော့ အောက် တိုဘာ ၇ ရက်က စတင်ခဲ့ပြီး ၂၁ ရက်အကြာ အောက်တိုဘာ ၂၇ ရက်မှာ ခရီးစဉ် အပြီးသတ်ခဲ့ပါတယ်။ သံဃာတော်တွေဟာ မြို့တော်ရဲ့ တောင်ဘက် ဒယ်လ်ဂူးမြို့က ဒုန်းဟွာ ဘုရားကျောင်းကနေ စတင်ခရီးထွက်ခဲ့တာဖြစ်ပြီး ဆိုးလ်မြို့က ဘုန်ဂျန် ဘုရားကျောင်းကို ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ ခရီးစဉ်ရဲ့ အတိုင်းအတာကတော့ ၅၁၁ ကီလိုမီတာအထိ ရှိခဲ့ပါတယ်။ 

အဆိုပါ သံဃာတော် အဖွဲ့ဟာ ပုံမှန်အနေနဲ့ မနက် ၃ နာရီလောက်မှာ အိပ်ယာကနေ ထပြီး မနက် ၄ နာရီကနေစလို့ စတင်လမ်းလျှောက်ကြွချီကြပါတယ်။ ၎င်းတို့ဟာ တစ်နေ့ကို ပျမ်းမျှ ကီလိုမီတာ ၂၀ ခရီးကို နှင်ခဲ့ကြပြီး နေ့စဉ် ခုနစ်နာရီကနေ ရှစ်နာရီအထိ ခြေလျင်ကြွခဲ့ကြပါတယ်။ ၎င်းတို့ဟာ လေးရက် ဒါမှမဟုတ် ငါးရက်တိုင်း ဗုဒ္ဓ ဘာသာ သင်တန်းကျောင်းအဖွဲ့အစည်းနေရာတွေမှာ ဒါမှမဟုတ် မိုတယ်တွေမှာ ညအိပ်စက်ကြပါတယ်။ 

သံဃာတော်တွေနဲ ဝေယျာဝစ္စ လုပ်သားတွေ တချို့ ဧရိယာတွေကို ဖြတ်သန်းချိန်မှာ အဆိုပါ ဧရိယာတွေမှာ နေထိုင်ကြတဲ့ ဝေယျာဝစ္စ လုပ်သားတွေနဲ့ နောက်လိုက်တပည့်တွေက လူအုပ်စုနဲ့ တွေ့ဆုံဖို့ ထွက်လာကြသလို ၎င်းတို့ကို အစားအသောက်တွေ လှူခဲ့ကြပါတယ်။ 

အောက်တိုဘာ ၂၇ ရက်က အဆိုပါ ခရီးစဉ် အဆုံးသတ်ခဲ့ချိန်မှာ သံဃာတော်တွေနဲ့ ဝေယျာဝစ္စ လုပ်ကိုင်သူတွေကို ဆိုးလ်မြို့ ဘုန်ဂျန် ဘုရားကျောင်းမှာ အခြား သံဃာတော် တစ်ဒါဇင်ခန့်က ပန်းပွင့် ၁၀၀ ခန့်နဲ့ ကြိုဆိုခဲ့ပါတယ်။ သံဃာတော် အုပ်စု ခရီးစဉ်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့အပေါ် တစ်ဦးတစ်ယောက်စီတိုင်းက ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ ၎င်းတို့ကို ပန်းတွေ ပေးခဲ့ကြသလို သံဃာတော်တွေ ရောက်လာတာနဲ့ တပြိုင်နက် ဘုရားကျောင်းရင်ပြင်မှာ ဆုတောင်းပွဲအခမ်းအနားတစ်ခုကိုလည်း ပြုလုပ်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly