ရခိုင်မြို့နယ် ၄ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တင်ပြရန် ပြည်နယ်ရွေးကော်နှင့် နိုင်ငံရေးပါတီတို့ သဘောတူ

ရခိုင်မြို့နယ် ၄ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တင်ပြရန် ပြည်နယ်ရွေးကော်နှင့် နိုင်ငံရေးပါတီတို့ သဘောတူ
Photo - EPA

အောက်တိုဘာ ၂၈၊ ၂၀၂၀

ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ် ဖျက်သိမ်းကြောင်း ကြေညာထားသည့် မြို့နယ် ကိုးမြို့နယ်အနက် လေးမြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ထံသို့ တင်ပြရန် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်နှင့် ရခိုင်နိုင်ငံရေးပါတီတို့က ဘဘောတူ ဆုံးဖြတ်လိုက်ကြသည်။

UEC ထံ တင်ပြရန် သဘောတူခဲ့ကြသည့် အဆိုပါ မဲဆန္ဒနယ်များအနက် ဖျက်သိမ်းကြောင်း ကြေညာထားသည့် ပေါက်တောမြို့နယ်တစ်ခုလုံး၊ မောင်တောမြို့ပေါ်နှင့် တောင်ပိုင်းတခွင်၊ စစ်တွေနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာနှင့် အုပ်စုတို့ ပါဝင်သည်။

အောက်တိုဘာလ ၂၆ ရက်နေ့က ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်သည့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်းလည်း ဖြစ်သည်။ ယင်းဆွေးနွေးပွဲသို့ ပြည်နယ်ကော်မရှင် တာဝန်ရှိသူများနှင့် ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့အပြင် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသည် ဆိုသော်လည်း ယခုတင်ပြမည့် နယ်မြေများမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ဒေသများဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင် အလားအလာ ကောင်းမွန်ကာ မကျင်းပဖြစ်လိုက်လျှင် မဲဆန္ဒရှင်ပြည်သူတို့၏ ကြီးမားသည့် အခွင့်အရေး ဆုံးရှုံးနိုင်သဖြင့် ပြန်လည်ကျင်းပပေးရန် ရခိုင်အမျိုးသားပါတီ (ANP) က တင်ပြခဲ့သည်။

“လွှတ်တော်ကတစ်ဆင့် တင်ပြမယ့် အခွင့်အရေးတွေကို အဓိက ဆုံးရှုံးမှာက ပြည်သူတွေပဲ။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ အနေနဲ့ကတော့ ဒီလောက် ထိခိုက်နစ်နာစရာ အကြောင်းမရှိဘူး။ ဒီလိုသာ ရွေးကောက်ပွဲ မလုပ် ဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ် ဆုံးရှုံးမယ် ဆိုလို့ရှိရင် ပြည်ထောင်စုဆိုတဲ့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ရခိုင်ပြည်က ပြည်သူတွေရဲ့ ဆုံးရှုံးနစ်နာမှုက အင်မတန် ကျယ်ပြန့်ကြီးမားမယ့် အခြေအနေတွေ ရှိတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး မြို့နယ်တိုင်းမှာ ရွေးကောက်ပွဲ ဖြစ်စေချင်တဲ့ ဆန္ဒကို တင်ပြခဲ့တာပါ” ဟု ANP ပါတီကိုယ်စားပြု စစ်တွေမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်ကျော်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပတော့ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည့် မြို့နယ်များမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြားတို့အပြင် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်တို့မှ ရပ်ကွက်နှင့် ကျေးရွာ၊ ကျေးရွာအုပ်စုအစိတ်အပိုင်း အချို့ပါဝင်သည်။ ယင်းညှိနှိုင်းရေးဆွေးနွေးပွဲ၌ ရခိုင်ပြည်နယ်တွင် ရွေးကောက် ပွဲ မကျင်းပခဲ့ဖြစ်သည့် အကြောင်းအရင်းများနှင့် ရွေးကောက်ပွဲတွင် ထားရှိမည့် လုံခြုံရေး၊ မဲရုံကိစ္စ စသည့် အကြောင်းအရာများကို အဖြေရှာခဲ့ကြပြီး ANP ၊ ALD နှင့် အာဏာရပါတီ NLD တို့မှ ကိုယ်စားပြု တက်ရောက်လာ သူများကလည်း အကြံပြုချက်များ ပေးခဲ့ကြကာ ရွေးကောက်ပွဲ ကျင်းပပေးရန် တင်ပြမည့် ဆုံးဖြတ်ချက်ခံကို လက်ခံခဲ့ကြသည်။

NLD ပါတီ စစ်တွေခရိုင်ဥက္ကဋ္ဌ ဦးသောင်းစိန်က “ပြည်သူများက မဲပေးပိုင်ခွင့်ကို ဆုံးရှုံးနေတာ။
ကျွန်တော်တို့ ဒီမှာရှိတဲ့ ပါတီတွေ၊ တခြားလူတွေကို ကန့်ကွက်စရာ မရှိပါဘူး။ ဒါက မဲဆန္ဒရှင်ပုဂ္ဂိုလ်များ မဲပေးနိုင်အောင်အတွက် ကျွန်တော်တို့ပါတီရော၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေရော အတတ်နိုင်ဆုံး ကျင်းပပေးဖို့အတွက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။ ယင်းနယ်မြေအားလုံးတွင် မကျင်းပဖြစ်လျှင် ပြည်နယ်ကော်မရှင်၏ မူလစာရင်းအရ မဲပေးပိုင်ခွင့်ရှိသူပေါင်း ဆယ့်ခြောက်သိန်းကျော် (၁,၆၄၉,၇၅၃ ဦး) ရှိသည့် ရခိုင်ပြည်နယ်တွင် ဆယ့်နှစ်သိန်းကျော်မှာ (၁,၂၀၀,၉၀၁ ဦး) မဲပေးပိုင်ခွင့် ဆုံးရှုံးသွားမည်ဖြစ်ပြီး လေးသိန်းကျော် (၄၄၈,၈၅၂ ဦး) သာ ဆန္ဒမဲပေးပိုင်ခွင့်ရှိကြမည်လည်း ဖြစ်သည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ခွဲ အနေဖြင့်မူ အဆိုပါ တင်ပြချက်များကို UEC မှ ခွင့်ပြုလာလျှင် ကျင်းပပေးရန် အဆင်သင့် ဖြစ်နေကြောင်း ယင်းအဖွဲ့၏ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။

“အဆင်သင့်ရှိပါတယ်။ အခုကလေ ကိုဗစ်လည်း ဖြစ်နေတဲ့ အခါကျတော့လေ။ မဲရုံနဲ့ အဖွဲ့တွေ သင်တန်းပေးရမှာတော့ နည်းနည်းလေး အခက်အခဲရှိတယ်။ အခုဆိုရင် မနေ့က ကြေညာလိုက်ပြီ၊ လူ ၃၀ နဲ့အထက် စုဝေးလို့ရပြီ။ အဲဒီတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုတယ်ဆိုရင် မဲရုံမှူးနဲ့ အဖွဲ့တွေကို သင်တန်းပေးတာ နည်းနည်းလေးတော့ ကသုတ်ကနင်းတော့ နိုင်မယ်။ ဒါပေမယ့် အချိန်မီပါတယ်။ အချိန်မီအောင် ကျွန်တော်တို့ လုပ်လို့ရတယ်” ဟု ဦးသူရိန်ထွဋ်က ဆိုသည်။

ယခုတင်ပြချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သဘောထားမှတ်ချက်ကို ရယူရန် မဇ္စျိမက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပါ။ ထို့အပြင် ရွေးကောက်ပွဲနယ်မြေ ထပ်တိုးလာလျှင် မည်သို့ ဆောင်ရွက်မည် ဆိုသည်ကိုလည်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူကို မေးမြန်းရာတွင်လည်း မရခဲ့ပေ။

ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကမူ မဲရုံတစ်ခုစီကို အထူရဲတစ်ဦးနှင့် တာဝန်ကျနေသည့်နယ်မြေမှ လုံခြုံရေးနှစ်ဦးစီ ချပေးရန် စီစဉ်ထားကြောင်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly