တိုင်ပေကို လက်နက်ရောင်းတဲ့ အမေရိကန်ကုမ္ပဏီတွေအပေါ် အရေးယူပိတ်ဆို့မယ်လို့ တရုတ် ပြော 

တိုင်ပေကို လက်နက်ရောင်းတဲ့ အမေရိကန်ကုမ္ပဏီတွေအပေါ် အရေးယူပိတ်ဆို့မယ်လို့ တရုတ် ပြော 
Photo - AFP

အောက်တိုဘာ ၂၇

တိုင်ပေကို လက်နက်ရောင်းချမှုမှာ ပါဝင်ပတ်သက်နေတဲ့ လော့ခ်ဟိဒ် မာတင် ကုမ္ပဏီ၊ ဘိုးအင်းကုမ္ပဏီ လုပ်ငန်းဌာနခွဲတစ်ခုနဲ့ အခြား အမေရိကန်ကုမ္ပဏီတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ တရုတ်က အောက်တိုဘာ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

မကြာသေးခင်က တိုင်ပေကို ကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ ဒုံးကျည်တွေ ရောင်းချမှုမှာ အထက်ပါ အမေရိကန်လုပ်ငန်းကုမ္ပဏီကြီးနှစ်ခုနဲ့ ရေးသီယွန်ကုမ္ပဏီတို့ ပါဝင်ပတ်သက်နေခဲ့တာဖြစ်ပါတယ်။ 

တိုင်ပေထံ လက်နက်ရောင်းချမှုတွေ ရပ်ဆိုင်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ကျောင်လီကျန်းက အမေရိကန်ကို တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ 

တိုင်ပေရဲ့ အခြေအနေကတော့ အမေရိကန်နဲ့ တရုတ်အကြား ပဋိပက္ခ ဖြစ်စေမယ့် အလားအလာတစ်ခုကို ရှိနေစေပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ကတော့ နည်းပညာ၊ လုံခြုံရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ သာလွန်ကြီးစိုးမှုအတွက် ကျယ်ကျယ်ပြန့်ပြန့် အလုအယက် ယှဉ်ပြိုင်မှုတွေ ရှိနေပါတယ်။ 

တိုင်ပေထံ ဝေဟင်ကနေ မြေပြင်ပစ် ဒုံးကျည် ၁၃၅ စင်း ရောင်းချမှုကို အတည်ပြုလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပါတယ်။ ဒါကတော့ မိမိတို့ရဲ့ တိုက်ခိုက်ရေး လုပ်နိုင်စွမ်းတွေကို တည်ဆောက်ဖို့ ဖြစ်တယ်လို့လည်း တိုင်ပေ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ပြောပါတယ်။ 

ဒါ့အပြင် ဂျက်တိုက်လေယာဉ်သုံး အာရုံခံကိရိယာ MS-110 ခြောက်ခု နဲ့  ရွေ့လျားနိုင်ပြီး ပေါ့ပါးတဲ့ M142 ဒုံးလောင်ချာ ၁၁ ခု တို့ကို ရောင်းချမှုကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ ဒီလက်နက်စနစ်သုံးမျိုးရဲ့ တန်ဖိုးကတော့ ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ရှိမယ်လို့ သိရပါတယ်။ 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ရပ်တည်နေတဲ့ တိုင်ပေ ကျွန်းဟာ ယင်းရဲ့ နယ်မြေ ဖြစ်တယ်လို့ ပေကျင်းက အခိုင်အမာ ပြောထားပြီး တိုင်ပေအနေနဲ့ လွတ်လပ်ရေး ကြေညာဖို့ တစ်ချိန်လုံး တရားဝင် ရှေ့ဆက်လုပ်သွားနေမယ်ဆိုရင် အင်အားသုံး တုံ့ပြန်မယ်လို့လည်း ပေကျင်းက ကြုံးဝါးထားပါတယ်။  

ယခု အရေးယူပိတ်ဆို့မှုတွေဟာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ရည်ရွယ်ကြောင်း၊ ဒီ ပိတ်ဆို့မှုတွေက တိုင်ပေကို လက်နက်ရောင်းချမှုမှာ ဆိုးဆိုးရွားရွား ပတ်သက်လုပ်ဆောင်ထားခဲ့သူတွေအပေါ် သက်ရောက်မှာဖြစ် ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောင်က ပြောသွားပါတယ်။ 

“နိုင်ငံ အချုပ်အချာအာဏာနဲ့ လုံခြုံရေး အကျိုးတရားတွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့ အစီအမံလုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ ဆက်လုပ်သွားမှာဖြစ်ပါတယ်” လို့ ကျောင်က ပြောသွားပါတယ်။ 

တိုင်ပေမှာ ၂၀၁၆ ရွေးကောက်ပွဲနဲ့အတူ သမ္မတ ဆိုင်ယင်ဝမ် တက်လာပြီးနောက်ပိုင်း ပေကျင်းဟာ တိုင်ပေအပေါ် သံတမန်ရေးနဲ့ စစ်ရေးအရ ဖိအားတွေ တိုးမြှင့်ပေးနေခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ယင်ဝမ်ကတော့ တိုင်ပေကျွန်းကို တရုတ်ရဲ့ အစိတ်အပိုင်းတစ်ခုမဟုတ်ဘဲ တရားဝင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လက်ရှိလက်တွေ့အုပ်ချုပ်နေတဲ့ အချုပ်အချာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ရှုမြင်ထားသူဖြစ်ပါတယ်။ 

တရုတ် ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေဟာ ပြီးခဲ့တဲ့လတွေအတွင်း တိုင်ပေရဲ့ လေကြောင်း ကာကွယ်ရေးဇုန်အတွင်း အကြိမ်ရေ တိုးမြင့် ဝင်ရောက်မှုတွေ ရှိခဲ့သလို တရုတ်ရဲ့ ဝါဒဖြန့်ရုပ်ရှင်တွေထဲမှာလည်း တိုင်ပေနဲ့ တူတဲ့ နယ်မြေတွေကို တိုက်ခိုက်တဲ့ တုပဖန်တီးထားတဲ့ ပြကွက်တွေကို ပြသထားခဲ့ပါတယ်။ 

ပေကျင်းကတော့ ပြီးခဲ့တဲ့ကာလအတွင်းကလည်း တိုင်ပေထံ လက်နက်ရောင်းချမှုအတွက် လော့ခ်ဟိဒ် အပေါ် အရေးယူပိတ်ဆို့မှု လုပ်ထားခဲ့ပါသေးတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required