ထိုင်းဆန္ဒပြသူတွေ ဘန်ကောက်ရှိ ဂျာမနီသံရုံးကို ချီတက်ပြီး ထိုင်းဘုရင်ကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆို 

ထိုင်းဆန္ဒပြသူတွေ ဘန်ကောက်ရှိ ဂျာမနီသံရုံးကို ချီတက်ပြီး ထိုင်းဘုရင်ကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆို 
Photo - AFP

အောက်တိုဘာ ၂၇

ဒီမိုကရေစီ လိုလားတဲ့ ထိုင်းဆန္ဒပြသူထောင်နဲ့ချီတို့ဟာ ယမန်နေ့ အောက်တိုဘာ ၂၆ ရက်က ဘန်ကောက်မြို့မှာ ရှိတဲ့ ဂျာမနီသံရုံးဆီ ချီတက်ခဲ့ကြပြီး ထိုင်းဘုရင်အပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ ဂျာမနီတာဝန်ရှိသူတွေထံ တောင်းဆိုခဲ့ကြပါတယ်။

ဒါဟာ ထိုင်းဘုရင် မဟာဝါဇီရလောင်ကွန်း ဂျာမနီမှာ ကာလကြာ နေထိုင်ချိန်အတွင်း ၎င်းရဲ့ လှုပ်ရှားလုပ်ဆောင်ပုံတွေကို စုံစမ်းစစ်ဆေးပေးဖို့နဲ့ ထိုင်းဘုရင်အနေနဲ့ ပြည်ပနိုင်ငံတစ်နိုင်ငံကနေ ထိုင်းနိုင်ငံရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်လုပ်ဆောင်ထားခဲ့သလား ဆိုတာကို စုံစမ်းစစ်ဆေးပေးဖို့အတွက် ထိုင်းဆန္ဒပြသူတွေက ဂျာမနီထံ တောင်းဆိုနေတာဖြစ်ပါတယ်။ 

ထိုင်းဘုရင်အနေနဲ့ ဂျာမနီကနေတစ်ဆင့် ထိုင်းနိုင်ငံရေး ကိစ္စတွေကို လုပ်ဆောင်မယ်ဆိုရင် ဒါဟာ ခွင့်ပြုပေးလို့မရနိုင်တဲ့ ကိစ္စဖြစ်လိမ့်မယ်လို့ ဂျာမနီ အစိုးရကလည်း ပြောထားပါတယ်။ 

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုင်ကို မာ့စ်ကလည်း ၎င်းတို့ဟာ ထိုင်းနိုင်ငံရဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ စောင့်ကြည့်နေခဲ့သလို ဂျာမနီအစိုးရအနေနဲ့ ထိုင်းဘုရင်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပြန်လည်သုံးသပ်လေ့လာနေတယ်လို့ ပြောထားခဲ့ပါတယ်။ 

“ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုဖို့ ကျွန်တော်တို့ ဒီမှာ ရှိနေတာ ဖြစ်ပါတယ်၊ ပြုပြင်ပြောင်းလဲရေး ဆိုတာက အပြောင်းအလဲ လုပ်တာ၊ တိုးတက်စေတာဖြစ်ပါတယ်၊ ပျက်စီးစေတာ မဟုတ်ပါဘူး၊ ဘုရင်စနစ် ထောက်ခံသူတွေကတော့ ဒီ စကားလုံးအကြောင်း နားလည်မှာမဟုတ်ပါဘူး၊ ခင်ဗျားတို့ အဘိဓာန် ဖွင့်ကြည့်လိုက်ပါ၊ ပြုပြင်ပြောင်းလဲမှုပါ၊  တော်လှန်မှု မဟုတ်ပါဘူး” လို့  ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ဂျက်ဒ်ဆာဒါပွန်း ဖိုဖတ်ချ်က ပြောသွားပါတယ်။ 

“ကျွန်မတို့ အားလုံးသိကြသလို ကျွန်မတို့ရဲ့ ဘုရင်ဟာ ထိုင်းမှာ ခုချိန်မှာ မနေဘူးလေ၊ ပြီးတော့ သူက နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ နေနေရင်းနဲ့ သူ့အာဏာပါဝါကို ကျင့်သုံးခဲ့ပါတယ်၊ ဒီတော့ အဲဒီမှာ သူ့ရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ ကျွန်မတို့အနေနဲ့ ဂျာမနီသံရုံးကို တောင်းဆိုချင်ပါတယ်” လို့ အစိုးရ ဆန့်ကျင်ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ဖိုင် က ပြောသွားပါတယ်။ 

တချိန်တည်းမှာလည်းပဲ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက အောက်တိုဘာ ၂၆ ရက်က ပါလီမန် အထူးအစည်းအဝေးတစ်ခုအတွင်း မိန့်ခွန်းပြောဆိုရာမှာတော့ ၎င်းတို့အစိုးရအနေနဲ့ ဥပဒေနဲ့မညီတဲ့ ဆန္ဒပြမှုတွေကို ထိန်းချုပ်ဖို့ လိုတယ်လို့ ပြောသွားခဲ့ပါတယ်။ 

“ဖွဲ့စည်းပုံဥပဒေအရ ပြည်သူတွေမှာ ဆန္ဒထုတ်ဖော်ဖို့ လွတ်လပ်ခွင့် ရှိတယ်ဆိုပေမယ့် အာဏာပိုင်တွေအနေနဲ့ကတော့ ဥပဒေနဲ့မညီတဲ့ ဆန္ဒပြမှုတွေကို ထိန်းချုပ်ဖို့ လိုပါတယ်၊ နိုင်ငံမှာ ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေကို ကျွန်တော် မမြင်တွေ့ချင်ပါဘူး” လို့ ပရာယွတ်ကပြောသွားခဲ့ပါတယ်။ 

၂၀၁၄ ခုနှစ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်ကတော့ ပြီးခဲ့သည့်သီတင်းပတ်တွေအတွင်း ၎င်းရာထူးမှ ဆင်းပေးဖို့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေနဲ့အတူ  ဖိအားတွေနဲ့ တိုးမြင့် ရင်ဆိုင်နေခဲ့ရပါတယ်။ 

ထိုင်းမှာ ကျောင်းသားတွေ ဦးဆောင်တဲ့ စုဝေးဆန္ဒပြမှုတွေမှာတော့ နိုင်ငံမှာ စစ်တပ်ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်ရေးဆွဲဖို့၊ နိုင်ငံရေးအတိုက်အခံတွေအပေါ် အစိုးရဘက်က အနှောင့်အယှက်ပြုနေတာတွေ အဆုံးသတ်ဖို့နဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲဖို့ တို့ကို တောင်းဆိုနေကြတာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required