ရှင်ကျန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ရာနဲ့ချီ တွေ့ပြီး တရုတ်မှာ လူအများအပြားကို ဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးနေ 

ရှင်ကျန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ရာနဲ့ချီ တွေ့ပြီး တရုတ်မှာ လူအများအပြားကို ဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးနေ 
Photo - AFP

အောက်တိုဘာ ၂၆

ရှင်ကျန်းဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁၃၇ ဦး တွေ့ရှိပြီးနောက် တရုတ်တာဝန်ရှိသူတွေဟာ နိုင်ငံအနောက်မြောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအသစ်တစ်ခုကို ထိန်းချုပ်နိုင်ဖို့ အောက်တိုဘာ ၂၅ ရက်မှာ အပြင်းအထန် လုပ်ဆောင်နေခဲ့ကြပါတယ်။ 

အသက် ၁၇ နှစ်အရွယ် အထည်ချုပ် အလုပ်သမားတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ရှင်းကျန်းဒေသ ကက်ရှ်ဂါမြို့တွင်းနဲ့ မြို့အနီးဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံပြည်သူ ၄ ဒသမ ၇၅ သန်းကို အောက် တိုဘာ ၂၄ ရက် ညနေပိုင်းက စပြီး ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးမှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ 

ယမန်နှစ်ကုန်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ပထမဆုံး ပေါ်ထွက်ခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ လော့ခ်ဒေါင်းချမှတ်မှုတွေ၊ ခရီးသွားလာမှု ကန့်သတ်ပိတ်ပင်ချက်တွေနဲ့ ဗိုင်းရပ်စ် စစ်ဆေးမှုတွေ လုပ်ဆောင်ရင်း ပြည်တွင်းမှာ ဗိုင်းရပ်စ် ကူးစက်မှုကို အဓိကအားဖြင့်တော့ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ဒေသဆိုင်ရာ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုတွေကတော့ ပြတ်တောင်း ပြတ်တောင်း ပေါ်ထွက်ထားခဲ့ပါတယ်။ 

အခြားသော ကမ္ဘာ့ နိုင်ငံဒေသ အများအပြားမှာ လော့ခ်ဒေါင်းချမှတ်မှုတွေ၊ လူအမြောက်အမြား ဗိုင်းရပ်စ် ကူးစက်ခံရမှုတွေနဲ့ ရင်ဆိုင်ရုန်းကန်နေရချိန် ပေကျင်းအာဏာပိုင်တွေကတော့ ၎င်းတို့ရဲ့ ဗိုင်းရပ်စ် အမြန် စစ်ဆေးနိုင်တဲ့ လုပ်နိုင်စွမ်းတွေနဲ့ပတ်သက်လို့ အမွှမ်းတင်ထားသလို တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ကလည်း ကိုရိုနာဗိုင်းရပ်စ်အပေါ် အနိုင်ရထားတယ်ဆိုတဲ့ ပုံရိပ်တစ်ခုကိုလည်း ကာကွယ်ဖို့ စိတ်အားထက်သန်လျက် ရှိပါတယ်။ 

ယခုတွေ့ရှိတဲ့ ကူးစက်သူအသစ်တွေကတော့ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရသူတွေဖြစ်ပြီး ၎င်းတို့အားလုံးကတော့ အသက် ၁၇ နှစ်အရွယ် ဗိုင်းရပ်စ် ကူးစက်ခံမိန်းကလေးတစ်ဦးနဲ့ သူမရဲ့ မိဘတွေ အလုပ်လုပ်နေခဲ့တဲ့ ရှုဖူကောင်တီက စက်ရုံတစ်ခုနဲ့ ချိတ်ဆက်ပတ်သက်နေတယ်လို့ ရှင်ကျန်းဒေသ ကျန်းမာရေး ကော်မရှင်က အောက်တိုဘာ ၂၅ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။ 

ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုရဲ့ ဇာစ်မြစ်ကို စုံစမ်းဖော်ထုတ်စစ်ဆေးဖို့နဲ့ ကြိုတင်ကာကွယ်မှု အစီအမံတွေနဲ့ ကူညီပေးဖို့ ပေကျင်း အမျိုးသား ကျန်းမာရေးကော်မရှင်က အထူးအဖွဲ့တစ်ဖွဲ့ကိုလည်း စေလွှတ်ထားတယ်လို့ နိုင်ငံပိုင် စီစီတီဗီ ရုပ်သံက ဖော်ပြပါတယ်။ 

အောက်တိုဘာ ၂၅ ရက် နေ့လည်ခင်းအထိ အဆိုပါ ဧရိယာမှာ ဗိုင်းရပ်စ်စစ်ဆေးဖို့အတွက် နမူနာပေါင်း ၂ ဒသမ ၈ သန်းကျော် စုဆောင်းထားပြီးဖြစ်ပြီး ကျန်ရှိတဲ့ နမူနာတွေ ရယူမှုကိုလည်း နှစ်ရက်အတွင်း အပြီးသတ်သွားမှာ ဖြစ်တယ်လို့ ကက်ရှ်ဂါမြို့အစိုးရက ထုတ်ပြန်ပါတယ်။ 

ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ်စတန် တို့နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံ နယ်စပ်အနီးမှာ ရှိတဲ့ ကက်ရှ်ဂါမြို့ကတော့ တိုင်းရင်းသား ဝီဂါတွေနဲ့ အခြား တူရကီစကားပြော မွတ်ဆလင်တွေရဲ့ ယဉ်ကျေးမှု အချက်အ ချာနေရာ ဖြစ်ပါတယ်။ အဆိုပါ ဝီဂါနဲ့ အခြား တူရကီစကားပြော မွတ်ဆလင်တွေကတော့ ၎င်းတို့အပေါ် ကာလကြာ နိုင်ငံရေးနဲ့ ဘာသာရေးဆိုင်ရာ ဖိနှိပ်မှုတွေ ရှိတယ်လို့ ပြောဆိုထားပြီး ယင်းနဲ့ပတ်သက်လို့ တရုတ်အစိုးရက ငြင်းဆန်ထားပါတယ်။ 

ကက်ရှ်ဂါမြို့က စာသင်ကျောင်းအားလုံးကို အောက်တိုဘာ ၃၀ ရက်အထိ ပိတ်ထားပြီး မြို့ကနေ ပြင်ပကို ထွက်ခွာမယ့် မည်သူမဆို နျူကလစ်အက်စစ် စစ်ဆေးမှုမှာ ရောဂါပိုးမရှိ အဖြေတစ်ခု ပြသဖို့ လိုတယ်လို့ မြို့အစိုးရက ပြောပါတယ်။ 

နိုင်ငံပိုင် စီစီတီဗီ ရုပ်သံက ထုတ်လွှင့်တဲ့ ဗီဒီယိုတစ်ခုထဲမှာတော့ လူရာပေါင်းများစွာတို့ နျူကလစ်အက်စစ် စစ်ဆေးမှု ခံယူဖို့ ဆေးရုံတွေပြင်ပမှာနဲ့ မြို့တွင်းမှာ ထူထောင်ထားတဲ့ ရွေ့လျား စစ်ဆေးမှု စင်တာတွေမှာ တန်းစီစောင့်ဆိုင်းနေကြတာကို ပြသထားခဲ့ပါတယ်။ 

ရှန်ကျန်းဒေသရဲ့ မြို့တော် အုရမ်ချိမှာတော့ ဇူလိုင်လလယ်က ဗိုင်းရပ်စ် ကူးစက်သူ ၉၀၀ ကျော် တွေ့ပြီးနောက် သီတင်းပတ်များစွာကြာ တင်းကျပ်တဲ့ လော့ခ်ဒေါင်းအောက်မှာ ရှိနေခဲ့ပါတယ်။ 

ယခုလ အစောပိုင်းကလည်း နိုင်ငံအရှေ့ပိုင်း ဆိပ်ကမ်းမြို့ ချင်းဒေါင်မှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃ ဦး တွေ့ခဲ့လို့ တာဝန်ရှိသူတွေဟာ တစ်ပတ်တည်းအတွင်း မြို့ခံပြည်သူ ၁၁ သန်းနီးပါးကို ဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးမှုတွေ လုပ်ခဲ့ပါသေးတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required