ယာမြေ မီးရှို့တာတွေ မြင့်မားလာတာကြောင့် မီးခိုးမွှန်နေရတဲ့ နယူးဒေလီမြို့တော်

ယာမြေ မီးရှို့တာတွေ မြင့်မားလာတာကြောင့် မီးခိုးမွှန်နေရတဲ့ နယူးဒေလီမြို့တော်

အောက်တိုဘာ ၂၅

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ရဲ့ အချို့သော အရပ်တွေမှာ လေထုညစ်ညမ်းမှုအဆင့်ဟာ ဆိုးဝါးပြင်းထန်တဲ့ အဆင့်ကို ရောက်ရှိနေပြီး သောကြာနေ့မှာဆိုရင် မြို့တော်ကို ဘေးအန္တရာယ်ဖြစ်လောက်တဲ့ မီးခိုးမြူတွေ ဖုံးလွှမ်းခဲ့ပါတယ်။

အိန္ဒိယနိုင်ငံကြီးရဲ့ လေထုဟာ ညစ်ပတ်တယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရည်ညွှန်းပြောဆိုခဲ့ပြီး နာရီပိုင်းမှာပဲ နယူးဒေလီမှာ လေထုညစ်ညမ်းမှု ဆိုးဆိုးဝါးဝါး အဆင့်ထိ ရောက်ရှိနေတော့တာပါ။

ယာမြေမီးရှို့တာတွေ၊ ကားအိတ်ဇောငွေ့တွေနဲ့ စက်ရုံတွေက ထုတ်လွတ်တဲ့ မီးခိုးငွေ့တွေဟာ အေးမြတဲ့ ရာသီနဲ့ လေတိုက်နှုန်း နည်းပါးတာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ မြို့တော်မှာ လေထုညစ်ညမ်းမှု လွှမ်းခြုံသွားတော့ တာဖြစ်ပါတယ်။ ဒီ ဖြစ်စဉ်တွေကြောင့် အိန္ဒိယရဲ့ မြို့တော်အနေနဲ့ နှစ်စဉ် ဆောင်းရာသီတွေမှာ အဆိပ်ဖြစ်လောက်တဲ့ လေထုညစ်ညမ်းမှု ဖြစ်ပေါ်ကြုံတွေ့နေရတော့တာပါ။

နယူးဒေလီရဲ့ လေထုညစ်ညမ်းမှု စောင့်ကြည့်ရာ နေရာ ၃၆ နေရာက လေထုအရည်အသွေး အညွှန်းကိန်းဟာ ၂၈၂ နဲ့ ၄၄၆ မှတ်ကြားမှာ ရှိနေတာကြောင့် ဆိုးဝါးတဲ့ အဆင့်ပဲ ဖြစ်တယ်လို့ လူထုညစ်ညမ်းမှု ထိန်းချုပ်ရေး ဗဟို ဘုတ်အဖွဲ့က ပြောပါတယ်။ လေထုအရည်အသွေးကို စောင့်ကြည့်ရာမှာ သွေးကြောနဲ့ အသက်ရှူအင်္ဂါတွေထဲ ဝင်ရောက်နိုင်တဲ့ လေထုအတွင်း အမှုန်အမွှား ပါဝင်မှု PM2.5 နဲ့ PM10 နှုန်းကို စောင့်ကြည့်ပြီး ခုလို အညွှန်းကိန်း အဆင့် သတ်မှတ်တာပဲ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ အညွှန်းကိန်းအဆင့်ဟာ ၀ ကနေ ၅၀ ကြားမှာ ရှိတယ်လို့ အစိုးရရဲ့ သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ဟာယာနာနဲ့ ပန်ဂျပ်ပြည်နယ်တွေမှာ ယာမြေမီးရှို့တာတွေ သိသိသာသာ များပြားပြီး ၁၂၁၃ ကြိမ်အထိ ရှိခဲ့တာကြောင့် အခု ရာသီမှာ အမြင့်မားဆုံးပဲ ဖြစ်ပြီး ဒီလို မီးရှို့မှုတွေကြောင့် နယူးဒေလီရဲ့ မိုက်ခရိုမီတာ ၂ ဒသမ ၅ အဝန်းအဝိုင်း PM2.5 မှာ အမှုန်အမွှား ပါဝင်နှုန်း ၁၇ ရာခိုင်နှုန်းအထိ ဖြစ်စေတယ်လို့ နိုင်ငံပိုင် လေထုအရည်အသွေး ရာသီဥတု ခန့်မှန်းမှုနှင့် သုတေသနဌာန SAFAR က ပြောပါတယ်။

“လေထုအရည်အသွေးဟာ လာမယ့် နှစ်ရက်မှာ ပိုပြီး ဆိုးရွားလာဖို့ ရှိတယ်။”လို့ SAFAR က ဆိုပါတယ်။

အခုနှစ် ယာမြေမီးရှို့တာတွေကို ပိုပြီး စောလျင်စွာ လုပ်ဆောင်လာကြတာဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အလုပ်သမား ရှားပြားပြတ်လပ်မှာကို စိုးရိမ်ပူပန်ပြီး အချိန်စော ပျိုးကြဲခြွေလှေ့ရိတ်သိမ်းတာတွေ လုပ်ဆောင် ခဲ့ကြလို့ပဲ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရာသီဥတု ပြောင်းလဲမှုအပေါ် အရေးယူဖြေရှင်းဖို့ဟာ အမေရိကန်အပေါ်မှာ ပုံချတာက တရားမျှတမှု မရှိဘူးလို့ သမ္မတ ထရမ့်က ကန့်ကွက်ပြောဆိုပြီးနောက်မှာ ခုလို အခြေအနေ ပိုဆိုးလာခဲ့တာလည်း ဖြစ်ပါတယ်။

“တရုတ်ကို ကြည့်ပါလား။ ဘယ်လောက်ထိ ညစ်ပတ်သလဲ။ ရုရှပဲ ကြည့်ကြည့်၊ အိန္ဒိယကိုပဲ ကြည့်ကြည့် ဒီ နိုင်ငံတွေ ညစ်ပတ်တာပဲ။ အဲဒီ နိုင်ငံတွေရဲ့ လေထုက ညစ်ပတ်တယ်။”ဆိုပြီး ဒီမိုကရက်တစ်ပြိုင်ဖက် ဂျိုးဘိုင်ဒင်နဲ့ သမ္မတရွေးကောက်ပွဲ စကားစစ်ထိုးရာမှာ ထရမ့်က ပြောခဲ့ပါတယ်။

အခုနှစ် လေထုညစ်ညမ်းတဲ့ ရာသီမှာ နယူးဒေလီက ပြည်သူ သန်း ၂၀ အတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်တဲ့ဘေး ပိုပြီး ဘေးများနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly