အောက်တိုဘာ ၂၅
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်က စာသင်ကျောင်းတစ်ကျောင်းအနီးမှာ စနေနေ့က အသေခံဗုံးခွဲသမားတစ်ဦး ဗုံးဖောက်ခွဲခဲ့တာကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။
ဒီ ဗုံးခွဲမှုဟာ ပဋိပက္ခတွေဒဏ် ခါးစည်းခံနေရတဲ့ နိုင်ငံမှာ နောက်ဆုံးတိုက်ခိုက်မှုဖြစ်ပြီး အစိုးရနဲ့ တာလီဘန်တွေဟာ နိုင်ငံတွင်းက စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ကာတာမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနေတဲ့ကြားမှာ မြေပြင်မှာဖြစ်ပွားလာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။
ကဘူးလ်အနောက်ပိုင်းခရိုင်မှာ အထက်တန်းအဆင့် ပညာရေးအတွက် ကျောင်းသားတွေကို သင်ခန်းစာတွေ လေ့ကျင့်သင်ကြားပေးနေတဲ့ အခု ပညာရေးစင်တာမှာ နေ့လယ်နှောင်းပိုင်းအချိန် အသေခံဗုံးခွဲတာဖြစ်ပြီး ဒီ ဗုံးခွဲမှုမှာ ထိခိုက်ဒဏ်ရာရသူပေါင်း ၅၇ ဦး ရှိပါတယ်။
“အဲဒီ ပညာရေးစင်တာအတွင်းကို အသေခံဗုံးခွဲသမား ဝင်ရောက်လာတာဖြစ်တယ်။”လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ တာရတ်အာရီအန်းက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“ဒါပေမယ့် စင်တာအစောင့်တွေကို သူ့ကို မသင်္ကာလို့ အဝင်မခံတာကြောင့် လမ်းပေါ်မှာပဲ ဖောက်ခွဲပစ်တာဖြစ်တယ်။”လို့ အာရီအန်းက ပြောပါတယ်။
ဒီ တိုက်ခိုက်မှုမှာ လူ ၁၈ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၅၇ ဦး ရှိကြောင်း သူက ပြောပါတယ်။
“ပညာရေးစင်တာကနေ မီတာ ၁၀၀ လောက်မှာ ကျွန်တော် ပ်နေခဲ့တာ။ အဲဒီအချိန်မှာပဲ ပေါက်ကွဲမှုကြီးဖြစ်တာကြောင့် ကျွန်တော် ငုံချလိုက်တယ်။”လို့ ပေါက်ကွဲမှုမှာ ဒဏ်ရာရတဲ့ ဝမ်းကွဲအစ်ကိုဖြစ်သူကို ဆေးရုံလိုက်ပို့တဲ့ ဒေသခံ အလီရီဇာက ပြောပါတယ်။
“ကျွန်တော် ပတ်ပတ်လည် ဖုန်တွေနဲ့ မီးခိုးတွေ မွှန်ထူနေတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူအားလုံးဟာ စာသင်ကျောင်းထဲ ဝင်ပေါက်ကနေ ဝင်နေကြတဲ့ ကျောင်းသားကျောင်းသူတွေပဲ ဖြစ်တယ်။”လို့ သူက ပြောပါတယ်။
အခု တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှ ၎င်းတို့ လက်ချက်ဆိုတာ မထုတ်ပြန်သေးပါ။ တာလီဘန်အဖွဲ့က ဒီ တိုက်ခိုက်မှုမှာ ၎င်းတို့ မပါဝင်ကြောင်း ကြေညာချက် ထုတ်လာပါတယ်။
ရှီးယိုက်ဟာဇာရာ လူနည်းစုတွေ နေထိုင်ရာ အနောက်ပိုင်း ကဘူးလ်က ဧရိယာအချို့က ဒေသခံတွေကို အိုင်အက်စ်အုပ်စုက ဆွန်နီအစွန်းရောက်တွေက မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ ရှိပါတယ်။
အရင်ကလည်း အစွန်းရောက်တွေဟာ အဲဒီ အရပ်က စာသင်ကျောင်းတွေနဲ့ အခြား အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။
မေလအတွင်းက အနောက်ပိုင်း ကဘူးလ်က ဆေးရုံတစ်ရုံဆီ နေ့လယ်ခင်းအချိန်မှာ သေနတ်သမားတွေ ဝင်ရောက်စီးနင်းပြီး ကိုယ်ဝန်သည်မိခင်အချို့ကို ပစ်သတ်ခဲ့ကြပါတယ်။ လုံခြုံရေးတပ်တွေနဲ့ နာရီအတော်ကြာ အပြန်အ လှန် ပစ်ခတ်မှု ဖြစ်ပြီးမှ အဲဒီ သေနတ်သမားတွေကို အသေပစ်သတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။