ကိုဗစ်ပိုးရှိ၊မရှိ ပုဂ္ဂလိကဆေးရုံများတွင် စစ်ဆေးခွင့်ပြုရန် အစိုးရထံ တင်ပြထား

ကိုဗစ်ပိုးရှိ၊မရှိ ပုဂ္ဂလိကဆေးရုံများတွင် စစ်ဆေးခွင့်ပြုရန် အစိုးရထံ တင်ပြထား
Photo - Saw George (Fb )

အောက်တိုဘာ ၂၄

ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးမှုကို ပုဂ္ဂလိက ဆေးရုံများတွင် ပြုလုပ်နိုင်ရေး တင်ပြထားမှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဆွေးနွေးညှိနှိုင်းထားပြီး လာမည့်သီတင်းပတ်အတွင်း ခွင့်ပြု၊ မပြုသိရမည်ဖြစ် ကြောင်း မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က မဇ္ဈိမကို ပြောသည်။

လက်ရှိအစိုးရကအသုံးပြုနေသည့် ကိုရီးယားနိုင်ငံမှမှာယူထားသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အသိအမှတ်ပြု နှာခေါင်းနှင့် အာခေါင်တို့ပတ်ရယူစစ်ဆေးသည့် ကိုဗစ်-၁၉ အမြန်စစ်ကိရိယာ Rapid Antigen Test Kit  များဖြင့် ပုဂ္ဂလိကဆေးရုံသို့ ရောက်ရှိလာသောလူနာနှင့် ကိုဗစ်ရှိ၊ မရှိ အခကြေးငွေဖြင့် စစ်ဆေးလိုသူများကိုပါ စစ်ဆေးပေး နိုင်ရေး၊ ကိုဗစ်လူနာများကို ကုသပေးနိုင်ရေးအတွက် တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက ပုဂ္ဂလိက ဆေးရုံအချို့တွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာထင်ပေါ်က ပြောသည်။

လက်ရှိ ပုဂ္ဂလိကအခန်းကဏ္ဍမှာရှိတဲ့ ဆေးရုံတွေဟာ သူတို့ဆီကို လာတဲ့လူနာတွေကို ဒါကိုဗစ်လား၊ ကိုဗစ် မဟုတ်ဘူးလားဆိုတာကို သူ့ရဲ့ ရောဂါလက္ခဏာကို ကြည့်ပြီးတော့ ပိုင်းခြားဆုံးဖြတ်ဖို့ အားနည်းပါတယ်။ ဒီ Test နဲ့ စစ်ရင်ပိုတိကျတဲ့အတွက် ဒီ Test ရရင်တော့ ကိုဗစ်မဟုတ်တဲ့ လူနာတွေကို ပြည်သူ့ဆေးရုံကို လွှတ်စရာမလို တော့ဘူး။ ရဲရဲဝံ့ဝံ့ ကိုယ့်ဆေးရုံမှာပဲ ကုသနိုင်မှာဖြစ်လို့ ကိုဗစ်မဟုတ်တဲ့ လူနာတွေ အချိန်နှောင့်နှေးပြီး သေဆုံးရ တာတွေ နည်းပါးသွားလိမ့်မယ်ဟု ၎င်းက ပြောသည်။

ပုဂ္ဂလိကဆေးရုံများတွင် စစ်ဆေးခွင့်ပြုလိုက်ပါက ဖြစ်ပေါ်နိုင်သည့် အကျိုးဆက်များ၊ စစ်ဆေးပြီး ပိုးတွေ့ရှိပါက ပုဂ္ဂလိကဆေးရုံများတွင် လက်ခံကုသနိုင်မှုအခြေအနေများအပေါ် အစိုးရဘက်က ထည့်သွင်းစဉ်းစားလျှက်ရှိ ကြောင်းလည်း ဒေါက်တာထင်ပေါ်က ပြောသည်။

 “အစိုးရဌာနအနေနဲ့ ပုဂ္ဂလိကကို ချပေးမယ်ဆိုရင် ရောဂါရှိတယ်၊ မရှိဘူးထွက်လာရင် လူနာတွေကို ဘယ်လိုထား မလဲပေါ့နော်။ ဒါက တစ်ပိုင်း။ ရောဂါပိုးမရှိဘူးလို့ Negative ထွက်လာပေမယ့် အထဲမှာ ရောဂါရှိတဲ့သူလည်း ဖြစ်လာနိုင်တယ်။ ဒါတွေကို ဘယ်လိုမျိုးအစီအစဉ်နဲ့ သွားကြမလဲပေါ့။ ကိုဗစ်လူနာတွေကို ဘယ်လောက်အခြေ အနေအထိ ပုဂ္ဂလိကက ကုပေးမှာလဲ။ ကုပေးနိုင်တဲ့ အတိုင်းအတာကျော်လွန်ရင်ရော အစိုးရက လက်ခံပေးမှာ လားပေါ့။ ဒီအပိုင်းတွေအများကြီးရှိပါတယ်။ ဒါတွေကို အစိုးရက စဉ်းစားပါတယ်။ စဉ်းစားပြီး အကြောင်းပြန်ပါ လိမ့်မယ်ဟု ၎င်းက ပြောသည်။

ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်ရှိ၊ မရှိ စစ်ဆေးမည့် အစီအစဉ်ကို ကြိုဆိုကြောင်းနှင့် ဆေးရုံများအတွက် ဝန်ပေါ့သွားနိုင်ကြောင်း အင်းစိန်ပြည်သူ့ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာမာမာကြည်က ၎င်း၏ အမြင်ကို ပြောသည်။

ဖျားနာကုသမှုဆေးခန်းများအားလုံးတွင် ကိုဗစ်ရှိ၊ မရှိ  စစ်ဆေးနိုင်ပါက ပို၍အဆင်ပြေမည်ဖြစ်ပြီး လက်ရှိတွင် ဖျားနာကုသမှုဆေးခန်းနှစ်ခု၌သာ စစ်ဆေးနိုင်သေးကြောင်းလည်း ပါမောက္ခဒေါက်တာမာမာကြည်က ပြော သည်။

အောက်တိုဘာလ ၂၃ ရက်နေ့ နာရီအထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲနမူနာပေါင်း ငါးသိန်းခုနစ်သောင်း ကျော်စစ်ဆေးထားပြီး ပိုးတွေ့လူနာ လေးသောင်းကျော်တွေ့ရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required