တောင်ပိုင်းမဲဆန္ဒနယ်မြေတွေပါ အနိုင်ကြဲဖို့ ရခိုင်ပါတီတွေအားမာန်သွင်း

တောင်ပိုင်းမဲဆန္ဒနယ်မြေတွေပါ အနိုင်ကြဲဖို့ ရခိုင်ပါတီတွေအားမာန်သွင်း
Arakan National Pary (ANP) campaigning in Pauktaw in Rakhine State on 1 November, 2015. Photo: DMG/Mizzima

အောက်တိုဘာ ၂၄

ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် ကျင်းပပြုလုပ်သွားမည့် ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များအပါအဝင် မဲဆန္ဒနယ်မြေအားလုံးတွင် အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်း ပြောဆိုလိုက်သည်။

လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိမြို့နယ်အများစုပါဝင်သော ရွေးကောက်ပွဲမကျင်းပဖြစ်တော့သည့်နေရာထွက် ပေါ်လာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများမှာ ကျန်ရှိသော ရွေးကောက်ပွဲကျင်း ပမည့် ရှစ်မြို့နယ်ဖြစ် သော ရခိုင်မြောက်ပိုင်းမှ ကျောက်ဖြူ၊ စစ်တွေ နှင့် တောင်ပိုင်းမှ မာန်အောင်၊ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ ဂွ၊ ရမ်းဗြဲ မြို့များတွင်  ပိုမိုအားစိုက်နေကြခြင်းလည်း ဖြစ်သည်။ 

 “ ကျနော်တို့ပါတီအနေနဲ့ ဒီရခိုင်ပြည်နယ်မှာ ကိုယ်စားပြုခွင့် ပိုရှိတဲ့ ပါတီဖြစ်အောင်တော့ ကြိုတင်ပြီး ကြိုးစား အားထုတ်ထားတာ ရှိပါတယ်။ အဲ့ဒါကြောင့် တောင်ပိုင်းမြို့နယ်တွေမှာလည်း ရွေးကောက်ပွဲမှာ အင်အားအပြည့် နဲ့ ဝင်ရောက်ယှဉ်ပြိုင် တာ ဖြစ်ပါတယ်။ ကျနော်တို့ အဲ့မဲဆန္ဒနယ်အကုန်လုံး အနိုင်ရမယ်လို့ ယုံကြည်ထားပါတယ်ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ဆိုသည်။

 ANP သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ အပြီးတွင်လည်း ပြည်သူ့လွှတ်တော် ကိုးနေရာ၊ အမျိုးသားလွှတ်တော် ခုနှစ်နေရာဖြင့် မြန်မာနိုင်ငံ၏ တတိယအင်အားအကြီးဆုံးပါတီအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် ANP အားကောင်းကာ ယခုရွေးကောက်ပွဲတွင်လည်း အနိုင်ရလိမ့်မည်ဟု တစ်ပြေးနေခဲ့သည်။ သို့သော် ရခိုင်တောင်ပိုင်းမြို့နယ်များတွင် ရွေးကောက်ပွဲအနိုင်ရရှိမှု အားနည်းချက်များရှိ နေပြီး အဆိုပါဒေသများရှိ ပြည်သူ့လွှတ်တော်နေရာများတွင် ယခင် ရွေးကောက်ပွဲများတွင် အောင်နိုင်ခြင်းများ မရှိသည်ကို တွေ့ရသည်။ မာန်အောင်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်များရှိ ပြည်သူ့လွှတ်တော်နေရာများကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က၂၀၁၅ ခုနှစ်တွင် အနိုင်ရခဲ့သည်။ ထို့အတူ ၂၀၁၀ ခုနှစ်ကလည်း ရခိုင်တောင်ပိုင်းနေရာများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က အနိုင်ခဲ့ဖူးသည်။

တောင်ကုတ်မြို့နယ်မှနေကာ ANP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲယှဉ်ပြိုင်သွား မည့် ဒေါ်လှသက်စိုးကကျွန်မတို့မြို့အခြေအနေအရဆိုရင်တော့ အမျိုးသားရေးလှိုင်းတစ်ခုပေါ့နော် ကိုယ့် လူမျိုး၊ ကိုယ့်ပါတီကိုပဲ မဲပေးသင့်ပြီ။ အတူတူလက်တွဲပြီး အတူတူသွားသင့်ပြီဆိုတဲ့ နိုးဆော်တိုက်တွန်းမှုတစ်ခုပေါ့။ သူတို့ရဲ့အသိစိတ်ထဲမှာ ကိန်းအောင်းနေပြီပေါ့နော်။ ကျမတို့အနေနဲ့ နိုင်ခြေရှိနေတယ်။ ၂၀၁၅ ထက် ပိုပြီး တော့ ခိုင်ခိုင်မာမာရပ်တည်နေတဲ့ အနေအထား မျိုး ဖြစ်နေတယ်ဟု ဆိုသည်။

ရွေးကောက်ပွဲကော်မရှင်က ရခိုင်မြောက်ပိုင်းရှိ  ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင် တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် တောင်ပိုင်းရှိ မြေပုံမြို့နယ်များ၊ အမ်းမြို့နယ်နှင့် တောင်ကုတ်မြို့ နယ်များမှ မဲဆန္ဒနယ် တစ်နေရာစီတို့ကို လုံခြုံရေးမကောင်း၍ ရွေးကောက်ပွဲမကျင်းပရန် ဆုံးဖြတ်ခဲ့သည်ဟု ကြေညာခဲ့သည်။

တောင်ကုတ်တွင် ရပ်ကွက် ၁၀ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၂ အုပ်စုတို့သည် ယခု ရွေးကောက်ပွဲမဲပေးခွင့်မရ သူများဖြစ်လာကြသည်။

ဒေါ်လှသက်စိုးက တောင်ကုတ်မြို့နယ်တွင် လေးရပ်ကွက်တည်းနှင့် တောင်ကုတ်တစ်မြို့နယ်လုံးအတွက် ဆုံးဖြတ် ရခြင်းအပေါ် သူမက ဒီမိုကရေစီနည်းလမ်းမဆန်ကြောင်း ဝေဖန်လိုက်သည်။ နိုင်ငံသားတစ်ယောက်ဦး၏ အခွင့် အရေးများအား ဆုံးရှုံးရကြောင်းနှင့် ယင်းနယ်များတွင်  မဲမပေးရခြင်းအတွက် မျက်ရည်ကျသူများပင်ရှိကြောင်း သူမက ပြောသည်။

၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မဲဆန္ဒနယ်များတွင် အများစုအနိုင်ရရှိခဲ့သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်(ALD)ကလည်း လက်ရှိ ရခိုင်တောင်ပိုင်း မြို့နယ်များတွင် မဲဆွယ်စည်းရုံးနေမှုများနှင့်ပတ်သက်ပြီး အား ရကျေနပ်ကြောင်း ပြောဆိုထားသည်။ ALD သည် မဲဆွယ်စည်းရုံးရေးများအား လူစုလူဝေးများဖြင့် မပြုလုပ်ပဲ သက်ဆိုင်ရာကိုယ်စားလှယ်လောင်းများ၏ လူမှုကွန်ရက်များကနေ မဲဆွယ်နေခြင်း ဖြစ်သည်။

ALD တောင်ကုတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်လင်းကလည်း ယင်းကဲ့သို့ လူမှုကွန် ရက်ဖြင့်သာ မဲဆွယ်နေသူတစ်ဦး ဖြစ်သည်။ တောင်ကုတ်မြို့နယ်တွင် လုံခြုံရေးများကြောင့်ဟုဆိုကာ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒနယ်မြေ သုံးပုံနှစ်ပုံကျော်အား ပယ်ဖျက်ခဲ့ရာ မူလကမဲပေးနိုင်သော လူဦးရေ တစ်သိန်းကျော်မှာ လက်ရှိတွင် နှစ်သောင်းတစ်ထောင်ကျော်သာ ရှိတော့ကြောင်း ဦးကျော်ကျော် လင်းက ဆို သည်။ 

ဘယ်ပါတီနိုင်မယ်၊ ဘယ်ပါတီကိုယ်စားလှယ်တွေနိုင်မယ်ဆိုတာ ပြောဖို့က နည်းနည်းခက်လာတယ်ပေါ့နော့်။ ကိုယ်တွေကတော့ ကိုယ့်ပါတီနိုင်ဖို့ ကြိုးစားနေရတာပေါ့ဟု ဦးကျော်ကျော်လင်းက ပြောရင်း ယှဉ်ပြိုင်မှု ပြင်း ထန်လိမ့်မည်ဟု ဆို သည်။

ALD သည် ၂၀၁၂ ခုနှစ်ဝန်းကျင်ကမှ ပါတီမှတ်ပုံတင်ခြင်း ပြုလုပ်ခဲ့သည်။ ယင်းနောက် ၂၀၁၃ ခုနှစ်တွင် ရခိုင်တိုင်း ရင်းသားများတိုးတက်ရေးပါတီ (RNDP) နှင့် ပေါင်းစည်းခဲ့ကာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအား ရခိုင်အမျိုး သားပါတီ (ANP) အမည်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် ANP သည် ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုး သားလွှတ်တော် ၁၀ နေရာနှင့် ပြည်နယ်လွှတ်တော် ၂၃ နေရာထိ အနိုင်ရရှိခဲ့သည်။ ယင်းနောင် မူဝါဒပိုင်ဆိုင်ရာများ သဘောထားကွဲလွဲရာမှ ANP နှင့်လမ်းခွဲကာ ALD အား ၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ် ပြန်လည်မှတ်ပုံတင်ကာ ယခုရွေးကောက်ပွဲအား ပြန်လည်ယှဉ်ပြိုင်လာခြင်း ဖြစ်သည်။

ALD အထွေထွေအတွင်းရေးမှုး ဦးမျိုးကျော်ကတော့ လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်သူများက ရခိုင်ပါတီများ အား မဲပေးဖို့ မျှော်လင့်နေကြောင်း ပြောဆိုသည်။

 “ ၂၀၂၀ အခင်းအကျင်းကတော့ ရခိုင်ပြည်နယ်အနေနဲ့ မဲရလဒ်ဟာတော့ ပြောင်းသွားနိုင်တယ်လို့ အန်ကယ်တို့က တော့ သုံးသပ်တယ်။ အဲ့ဒါကြောင့်လည်းဘဲ နှစ်ပေါင်းများစွာမှာပေါ့နော်။ ဒီဟာတွေမှာ(ရခိုင်တောင်ပိုင်း) ရခိုင်က ပါတီတွေ မနိုင်ဖူး ဘူး။ အန်ကယ်တို့ ကိုယ်တိုင်ကလည်း ဒီနေရာဟာ ဘာဘဲဖြစ်ဖြစ် ရခိုင်ပြည်နယ်ဖြစ်တယ်။ ရခိုင်အမျိုးသားတွေ နိုင်သင့်တယ်ပေါ့နော့်။ အဲ့ဒါကြောင့်လည်း ဒီနေရာကို အန်ကယ်တို့ကတော့ အာရုံစိုက် ပြီးတော့ အနိုင်ရရှိဖို့ ကြိုးစားစည်းရုံးနေပါတယ်ဟု ဦးမျိုးကျော်က မှတ်ချက်ပြုသည်။

နိုင်ငံရေးအရ ထင်ပေါ်မှုရှိထားသော ဒေါက်တာတင်မာအောင်မှာ ALD ပါတီမှနေပြီး ပြည်နယ်လွှတ်တော်ကိုယ် စာလှယ်လောင်းအဖြစ် တောင်ကုတ်မြို့နယ်မှ ဝင်ရောက်အရွေးချယ်ခံသွားမှာ ဖြစ်သည်။

ကျင်းပလာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ရှစ်မြို့နယ်တွင် ပြည်သူ့ လွှတ်တော် ရှစ်နေရာ၊ အမျိုးသားလွှတ်တော် ငါးနေရာနှင့် ပြည်နယ်လွှတ်တော် ၁၆ နေရာအတွက် ယှဉ်ပြိုင် သွား ကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required