နာဂေါ်နိုကာရာဘတ်ခ်ရှေ့တန်းမှာတိုက်ပွဲဝင်ဖို့ အာမေးနီးယားက စေတနာ့ဝန်ထမ်းတွေ စစ်ရေးလေ့ကျင့်

နာဂေါ်နိုကာရာဘတ်ခ်ရှေ့တန်းမှာတိုက်ပွဲဝင်ဖို့ အာမေးနီးယားက စေတနာ့ဝန်ထမ်းတွေ စစ်ရေးလေ့ကျင့်
Photo - AFP

အောက်တိုဘာ ၂၄

နာဂေါ်နိုကာရာဘတ်ရှေ့တန်းစစ်မျက်နှာကိုသွားဖို့ အာမေးနီးယားက စေတနာ့ဝန်ထမ်းတွေဟာ အခြေခံစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေကြပါတယ်။

အဇာဘိုင်ဂျန်မှာရှိတဲ့ အငြင်းပွားဖွယ် ကာရာဘတ်ခ်ဒေသဟာ အာမေးနီးယားကျောထောက်နောက်ခံပြု ခွဲထွက်အဖွဲ့က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဆိုဗီယက်ယူနီယံပြိုကွဲစဉ်မှာ လွတ်လပ်ရေးကြေညာခဲ့တဲ့ အာမေးနီးယားဟာ ကာရာဘတ်ခ်ဒေသနဲ့ပတ်သက်ပြီး  ပြီးခဲ့တဲ့လက အဇာဘိုင်ဂျန်နဲ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။  

ယခင်ဆိုဗီယက်နိုင်ငံနှစ်ခုအကြား အပစ်အခတ်တွေရပ်စဲဖို့ ရုရှားက ရှေ့တန်းကနေ သံတမန်ရေးရာနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။  

တိုက်ပွဲကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ၅ ၀၀၀ နီးပါးရှိသွားပြီလို့ ရုရှားသမ္မတပူတင်က ကြာသပတေးမှာပြောခဲ့ပါတယ်။ ဒါကြောင့် ဆယ်စုနှစ်နှစ်ခုကျော်အတွင်း နာဂေါ်နိုကာရာဘတ်ခ်ဒေသနဲ့ပတ်သက်ပြီး အဆိုး ရွားဆုံး ပဋိပက္ခအခြေအနေဖြစ်ပါတယ်။

တိုက်ပွဲတွေမှာ အဇာဘိုင်ဂျန်ဘက်က အသာစီးရနေတယ်လို့ အာမေးနီးယားကလက်ခံထားပြီး နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာလည်း ပျက်ပြယ်ခဲ့ပါတယ်။

တိုက်ပွဲဝင်ဖို့ စစ်ရေးလေ့ကျင့်နေတဲ့  အသက် ၂၃ နှစ်အရွယ် အဆိုရှင်တစ်ဦးဖြစ်တဲ့ အန်နီဆာတိုရန် ဆိုသူက “ ကျွန်မက မိန်းကလေးဆိုပေမယ့် တိုက်ခိုက်ရေးအတွက်ပြင်ဆင်ဖို့ စစ်ရေးလေ့ကျင့်နေတာပါ။ ရဲဘော်ရဲဘက် တွေနဲ့အတူ ရှေ့တန်းကိုသွားပြီး အဆုံးထိ တိုက်ပွဲဝင်ဖို့ အဆင်သင့်ပါပဲ” လို့ဆိုပါတယ်။  

သွားဆရာဝန်တစ်ဦးဖြစ်တဲ့ ဟေဆာရန်က “တိုက်ခိုက်ရေးအတွက် လေ့ကျင့်ဖို့ လော့စ်အိန်ဂျလိစ်ကနေပြန်လာတာပါ။ ရှေ့တန်းကိုသွားပြီး ဇာတိမြေကို ကာကွယ်သွားမှာပါ။ လေ့ကျင့်ရေးပထမဆုံးနေ့ဖြစ်ပေမယ့် အများကြီး သင်ယူပြီးပါပြီ။ သင်တန်းဆရာတွေကိုလည်း အပြည့်အဝယုံကြည်တယ်။ စိတ်ဓာတ်တွေလည်းတက်ကြွနေလို့ ကျွန်တော်တို့တွေ သေချာပေါက်နိုင်မှာပါ” လို့ပြောပါတယ်။

စစ်ရေးလေ့ကျင့်ပေးတဲ့သင်တန်းဆရာ အက်ဂျူရာက “ ကျွန်တော်က အကြီးတန်းညွှန်ကြားသူတစ်ယောက်ပါ။ ကျွန်တော့်ရဲ့ စစ်ရေးဗဟုသုတွေကို တိုက်ပွဲဝင်မယ့် စေတနာ့ဝန်ထမ်းတွေဆီ တတ်နိုင်သလောက် လက်ဆင့်ကမ်း ပေးတာပါ။ ပြီးခဲ့တဲ့ရက်အနည်းက ရှေ့တန်းကနေ ပြန်လာခဲ့တာပါ။ ဒီမှာလေ့ကျင့်သင်ကြားနေတဲ့သူတွေရဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်နဲ့ဆို တိုက်ပွဲကို သေချာပေါက်အောင်နိုင်မှာပါ” လို့ ပြောပါတယ်။

သောကြာနေ့ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုဟာ အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီး ဂျေဟွန်ဘေရာမော့နဲ့ အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီးဇိုဟက်အမ်နက်စကန်နယန်တို့နဲ့အတူ ဝါရှင်တန်မှာ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံစဉ်မှာ ပွန်ပဲယိုက တိုက်ခိုက်မှုတွေအဆုံးသတ်ဖို့နဲ့ အရပ်သားတွေကို ကာကွယ်ဖို့ လိုအပ်တယ်လို့ အလေးထားပြောဆိုတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

ပဋိပက္ခတွေကိုလည်း အင်အားအသုံးပြုမှု ဒါမဟုတ် ခြိမ်းခြောက်မှုတွေမလုပ်ဖို့ ၊ နယ်မြေပိုင်ဆိုင်မှုနဲ့ ပြည်သူတွေရဲ့ တန်းတူညီမျှအခွင့်အရေးနဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက် စတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံပြီး ဖြေရှင်းသင့် တယ်လို့ ပွန်ပဲယိုက ပြောကြားခဲ့ပါတယ်။  

နိုင်ငံတကာက အဇာဘိုင်ဂျန်နယ်မြေအဖြစ်အသိအမှတ်ပြုထားတဲ့ ကာရာဘတ်ခ်ဒေသကို အားမေးနီးယားက ထိန်းချုပ်တာ အဆုံးသတ်သင့်ကြောင်း ဘေရာမော့က ပွန်ပဲယိုကို ပြောခဲ့ပါတယ်။  ပဋိပက္ခအတွက် နိုင်ငံရေးအရ ဖြေရှင်းသွားမှာဖြစ်ပြီး ထိရောက်တဲ့ဆွေးနွေးမှုတွေပြန်လုပ်ဖို့ အသင့်ဖြစ်တဲ့အကြောင်း ဘေရာမော့က ဆွေးနွေးပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီး အမ်နက်စကန်နယန်ကလည်း  ရန်လိုသူက အဇာဘိုင်ဂျန်သာဖြစ်ပြီး အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့  စွပ်စွဲပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required