ကျူးကျော်သူတွေကို တရုတ်စစ်အင်အားက ဖြေရှင်းပစ်နိုင်တယ်လို့ အမေရိကန်ကို ရည်ရွယ်ပြီး ရှီကျင့်ဖျင် ပြော

ကျူးကျော်သူတွေကို တရုတ်စစ်အင်အားက ဖြေရှင်းပစ်နိုင်တယ်လို့ အမေရိကန်ကို ရည်ရွယ်ပြီး ရှီကျင့်ဖျင် ပြော
Photo - AFP

အောက်တိုဘာ ၂၄ ၊၂၀၂၀

အမေရိကန်နိုင်ငံနဲ့ တရုတ်စစ်တပ်တွေ တစ်ကြိမ်တည်း စစ်ခင်းဖူးတဲ့ ကိုရီးယားစစ်ပွဲ နှစ် ၇၀ ပြည့်အခမ်းအနား မိန့်ခွန်းပြောရာမှာ သမ္မတ ရှီကျင့်ဖျင်က တရုတ်ရဲ့ စစ်တပ်ဟာ ကျူးကျော်သူတွေကို အနိုင်တိုက်နိုင်အောင် ကြံ့ ခိုင်မှုရှိတယ်ဆိုပြီး သောကြာနေ့မှာ သတိပေးပြောဆိုပါတယ်။

၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲမှာ အောင်ပွဲဆင်ခဲ့တာဟာ “တရုတ်ရဲ့ တံခါးဝမှာ ပြဿနာလာဖန်တီးသူ” ဘယ်သူတွေကိုမဆို နိုင်ငံက တိုက်ခိုက်ဖို့ အဆင်သင့်ရှိနေတာကို သတိရစေတာပဲလို့ မျိုးချစ်ဝါဒကို အလွန်အမင်း ဇောင်း ပေးပြီး တရုတ်စစ်သည်တွေရဲ့ သူရဲကောင်းဝါဒအကြောင်းတွေကို ဖော်ကျူးထားတဲ့ မိန့်ခွန်းရှည်မှာ ရှီကျင့်ဖျင်က ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ စစ်ပွဲနှစ်ပတ်လည်အခမ်းအနားတွေမှာ ခေတ်သစ်တရုတ်ရဲ့ စစ်အင်အားနဲ့ ပတ်သက်ပြီး အမေရိကန်ကို ရည်ရွယ်သတိပေးလေ့ ရှိတတ်တာပဲ ဖြစ်ပါတယ်။ကိုရီးယားစစ်ပွဲကလည်း အာဏာရကွန်မြူနစ် ပါတီအတွက် အဓိကအုတ်မြစ်တစ်ရပ် ဖြစ်နေတာပါ။

အခု သောကြာနေ့က ကိုရီးယားစစ်ပွဲ နှစ် ၇၀ ပြည့်အခမ်းအနားဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကုန်သွယ်ရေးအငြင်းပွားမှု၊ နည်းပညာ၊ လူ့အခွင့်အရေးနဲ့ တရုတ်က ၎င်းပိုင်နက်အဖြစ် အတည်ပြုထားတဲ့ ထိုင်ဝမ် အခြေအနေတွေနဲ့ ပတ်သက်ပြီး အရေးတယူ ပြောဆိုနေချိန်မှာ ကျင်းပလာခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန်ကို အတိအလင်း နာမည်တပ် ပြောဆိုခြင်း မရှိပေမယ့်လည်း သမ္မတ ရှီကျင့်ဖျင်ဟာ ကိုရီးယားစစ်ပွဲရဲ့ သမိုင်းဝင် သာဓကတွေကို ပြောဆိုသလို ခေတ်သစ်မှာ “တစ်ဖက်ပိတ်ဝါဒ၊ ကုန်သွယ်ရေး အကာအကွယ်ပြုမှု ဝါဒနဲ့ အတ္တဗဟိုပြုဝါဒတွေ”ကိုလည်း ဝေဖန်ပြောဆိုသွားပါတယ်။

“တရုတ်ပြည်သူတွေဟာ ပြဿနာတွေကို မဖန်တီးကြဘူး။ ဒါပေမယ့်လည်း ပြဿနာတွေကို ကျွန်တော်တို့ ကြောက်ရွံ့မနေဘူး။”လို့ ရှီကျင့်ဖျင်က ပြောပါတယ်။

“ကျွန်တော်တို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတာမျိုးကို ကျွန်တော်တို့ ဘယ်တော့မှ ထိုင်ကြည့်နေမှာ မဟုတ်ဘူး။ အမိမြေကနေ သီးသန့်ရှိနေတဲ့ ပိုင်နက်တွေကို ကျူးကျော်ဝင်ရောက်တဲ့၊ ကွဲကွာအောင် လုပ်ဆောင် တဲ့ ဘယ်လို အင်အားစုကိုမှ ကျွန်တော်တို့ ခွင့်ပြုလိမ့်မှာ မဟုတ်ဘူး။”ဆိုပြီး သူက ဆက်လက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ပင်တဂွန်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ဆီ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ဖိုး လက်နက်တွေ ရောင်းဖို့ သဘောတူညကြောင်းကို ကြေညာခဲ့ပါတယ်။

ကိုရီးယားစစ်ပွဲဟာ တရုတ်နဲ့ အမေရိကန်တပ်တွေကြား လက်ရှိအထိ ပထမဆုံးနဲ့ တစ်ခုတည်းဖြစ်တဲ့ တိုက်ရိုက်အကြီးစားတိုက်ပွဲ ဖြစ်ပွားတဲ့ စစ်ပွဲတစ်ရပ်ပဲ ဖြစ်ပါတယ်။

သုံးနှစ်တာ စစ်ပွဲအတွင်းမှာ တရုတ်စစ်သား ၁၉၇၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required