တရုတ်က ကိုဗစ်-၁၉ ကာကွယ်ဆေးသုတေသနအချက်အလက်များကို ခိုးယူနေဟု ထရမ့်အကြံပေးစွပ်စွဲ

တရုတ်က ကိုဗစ်-၁၉ ကာကွယ်ဆေးသုတေသနအချက်အလက်များကို ခိုးယူနေဟု ထရမ့်အကြံပေးစွပ်စွဲ
Photo - AFP

အောက်တိုဘာ ၂၂ 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ရောဘတ်အိုဘရိုင်ယန်က တရုတ်အား ၂၁ ရာစု၏အရေးကြီးသောလုပ်ငန်းတိုင်းကို လက်ဝါးကြီးအုပ်ရန်လုပ်ဆောင်နေသည့် ဆိုးရွားသောပြိုင်ဘက်အဖြစ်ပြောဆိုလျက် ကိုဗစ်-၁၉ ကာကွယ်ဆေးသုတေသနအချက်အလက်များကို အနောက်နိုင်ငံများဆီမှ ခိုးယူရန်ကြိုးစားနေသည်ဟု ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၁ ) တွင် စွပ်စွဲပြောဆိုလိုက်သည်။ 

တရုတ်အား အမေရိကန်၏အဓိကပြိုင်ဘက်အဖြစ်သတ်မှတ်ထားသော ထရမ့်က တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ကုန်သွယ်ရေးအပေါ်အကျိုးအမြတ်ယူပြီး ကိုရိုနာဗိုင်းရပ်စ်နှင့်စပ်လျဉ်း၍ အမှန်ကိုဖုံးကွယ်ခဲ့သည်ဟု စွပ်စွဲပြောလိုက်ပြီး ကိုဗစ်-၁၉ ရောဂါကို တရုတ်ရောဂန္တရကပ်ဟုပင် ခေါ်ဝေါ်ခဲ့သည်။  

အိုဘရိုင်ယန်က တရုတ်သည် ၎င်း၏ပြည်သူများကို ဖိနှိပ်သော အမြတ်ကြီးစားနိုင်ငံဖြစ်ပြီး အိမ်နီးချင်းနှင့်အနောက်နိုင်ငံများကို အကျပ်ကိုင်ရန်ကြိုးစားနေကြောင်း တရုတ်ကိုဆန့်ကျင်သော ၂၀ မိနစ်ကြာ ဝေဖန်ပြောဆိုမှုတွင် ဗြိတိန်နှင့်အမေရိကန်စစ်တပ်နှင့် စုံစမ်းထောက်လှမ်းရေးအရာရှိများကို ပြောပြခဲ့သည်။  

CCP သည် နယ်ပယ်ကဏ္ဍအားလုံးတွင် လွှမ်းမိုးနိုင်ရေးကြိုးစားနေပြီး ၂၁ ရာစုအတွက် အရေးပါသော လုပ်ငန်းတိုင်းကို လက်ဝါးကြီးအုပ်ရန်စီစဉ်ထားသည်ဟု အိုဘရိုင်ယန်က လေယာဉ်တင်သင်္ဘော HMS Queen Elizabeth နှင့် ဗီဒီယိုလင့်ခ်မှတစ်ဆင့်ကျင်းပသည့် Atlantic Future Forum တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“ယူကေနဲ့အမေရိကန်တို့က နိုင်ငံတကာပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တဲ့အကြောင်း ဆော်ဩနေတုန်းမှာ သိပ်မကြာသေးခင်က တရုတ်က ဥရောပက ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ကုသမှုတွေကို အကောင်အထည်ဖော်နေတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး ဆိုက်ဘာသူလျှိုထောက်လှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟု အိုဘရိုင်ယန်က ဆိုသည်။  

အနောက်နိုင်ငံများနှင့် အထူးသဖြင့် ဝါရှင်တန်တို့သည် တရုတ်မလိုလားသည့်စိတ်ရောဂါ၊ ကိုလိုနီအတွေးအခေါ်နှင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနှစ်နိုင်ငံမှာ တရုတ် တစ်ဖန် ပါဝင်လာခြင်းကို စိတ်ဆိုးဒေါသထွက်မှုများဖြင့် အကျပ်ရိုက်နေကြောင်း သမ္မတရှီကျင့်ဖျင်လက်ထက်တွင် တရုတ်ဘက်က ပြောဆိုခဲ့သည်။  

စစ်အေးတိုက်ပွဲကို အဆုံးသတ်စေခဲ့သော ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံပြိုကွဲခြင်းနှင့်အတူ ပြီးခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း တရုတ်စီးပွားရေးနှင့်စစ်ရေးတိုးတက်မှုသည် လတ်တလော အထင်ရှားဆုံးပထဝီနိုင်ငံရေးအဖြစ် အပျက်များအနက် တစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ 

တရုတ်အနေဖြင့် နိုင်ငံခြားကုမ္ပဏီများအပေါ်အတားအဆီးမျာဖြေလျှော့ကာ စီးပွားရေးအရရော နိုင်ငံရေးအရပါ ဖွင့်လှစ်လိမ့်မည်ဟု ယုံကြည်လျက် အနောက်နိုင်ငံများက တရုတ်အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်အဖြစ်အပါ အဝင် ဆယ်စုနှစ်ပေါင်းများစွာ လိုက်လျောမှုများပြုလုပ်ခဲ့ကြောင်း အိုဘရိုင်ယန်က ပြောသည်။  

“ဝမ်းနည်းစရာကောင်းတာက အဲဒီကတိကဝတ်တွေဟာ ဒီနေ့အချိန်ထိ မထိန်းသိမ်းနိုင်ခဲ့ဘူး ဆိုတာပါပဲ။ အဲဒီအစား CCP ခေါင်းဆောင်တွေက သူတို့ရဲ့ အာဏာရှင်ဆန်တဲ့ချဉ်းကပ်မှုနဲ့ အမျိုးသားစီးပွားရေးဝါဒစနစ်ကို ဆုပ် ကိုင်ထားတာပါ” ဟု အသက် ၅၄ နှစ်အရွယ် လော့စ်အိန်ဂျလိစ်ရှေ့နေ အိုဘရိုင်ယန်က ဆိုသည်။  

တရုတ်သည် ၁၉၇၉ ခုနှစ်က အီတလီထက်စီးပွားရေးနိမ့်ကျခဲ့သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်ပြုပြင်ပြောင်းလဲရေးမှုများပြုလုပ်ပြီးနောက် ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံဖြစ်လာခဲ့သည်။

တရုတ်သည် ယခုအခါ ဉာဏ်ရည်တုနည်းပညာ၊ ပြန်လည်ဖွံ့ဖြိုးရှင်သန်လာသော ဆေးပညာနှင့် လျှပ်စစ်ဓာတ်စီးနိုင်သော ပိုလီမာ စသည့် ၂၁ ရာစုနည်းပညာနယ်ပယ်တွင် ကမ္ဘာ့ဆရာတစ်ဆူဖြစ်လာသည်။ 

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ တရုတ်တုံ့ပြန်မှုသည် ၎င်းတို့ရည်ရွယ်ချက်ဆိုင်ရာ ကာလရှည်ကြာ သံသယများကို ဖယ်ရှားပစ်ခဲ့သည်ဟု အိုဘရိုင်ယန်က ပြောသည်။ 

တရုတ်သည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကာ ၎င်းတို့လုပ်ငန်းများတွင် တရုတ်ဆက်သွယ်ရေးပစ္စည်းများတပ်ဆင်ရန် တိုက်တွန်းအားပေးခဲ့ကြောင်းနှင့် တရုတ်ကွန်မြူနစ်ပါတီသည် ၎င်းတို့လုပ်ငန်းများကိုထောက်ပံ့ပေးလျက် နိုင်ငံခြားကုမ္ပဏီများကိုလည်း ပိတ်ပင်ခဲ့ကြောင်း အိုဘရိုင်ယန်က စွပ်စွဲပြောဆိုခဲ့သည်။  

တရုတ်၏လူသိများထင်ရှားသော ခါးပတ်တစ်ကွင်းလမ်းတစ်စင်းခေါ် BRI နိုင်ငံတကာစီမံကိန်းသည် တရုတ်ကုမ္ပဏီများနှင့်လုပ်သားများကိုအသုံးပြုကာ အကုန်အကျများသလောက်အသုံးမဝင်သော အဆောက်အအုံစီမံ ကိန်းများကို ဆောက်လုပ်ရန်အတွက် ဆင်းရဲသောနိုင်ငံများကို အကြွေးနွံနစ်စေသောချေးငွေများ ကမ်းလှမ်းနေသည်ဟု အိုဘရိုင်ယန်က ဆိုသည်။ 

တရုတ်ကြွေးမြီအပေါ် အဆိုပါနိုင်ငံများ၏မှီခိုမှုသည် ၎င်းတို့အချုပ်အခြာအာဏာကို ဆုတ်ယုတ်စေပြီး ကုလသမဂ္ဂမဲနှင့်တခြားသောကိစ္စရပ်များတွင်  တရုတ်၏ မူဝါဒစည်းမျည်းများကိုလိုက်နာရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ဟု ဘရိုင်ယန်က မှတ်ချက်ပြုခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required