အိန္ဒိယမှာ မြန်ဆန်ပြီး စျေးသက်သာတဲ့ စက္ကူအခြေပြု ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးကိရိယာကို အသုံးပြုဖို့ ရှိနေ 

အိန္ဒိယမှာ မြန်ဆန်ပြီး စျေးသက်သာတဲ့ စက္ကူအခြေပြု ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးကိရိယာကို အသုံးပြုဖို့ ရှိနေ 
Photo - AFP

အောက်တိုဘာ ၂၂

မြန်မြန်ဆန်ဆန် စစ်ဆေးနိုင်ပြီး အဖိုးနှုန်းလည်း သက်သာတဲ့ စက္ကူအခြေပြု ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုကိရိယာတစ်မျိုးကို အိန္ဒိယနိုင်ငံတစ်ဝန်း မကြာမီ အသုံးပြုလို့ ရနိုင်တော့မယ်လို့ သိရပါတယ်။ 

ဒီ စစ်ဆေးကိရိယာဟာဆိုရင် ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ် အဆိုးရွားဆုံး ခံနေရတဲ့ နိုင်ငံတစ်နိုင်ငံမှာ ကပ်ရောဂါကို ထိန်းချုပ်တားဆီးရာမှာ အကူအညီဖြစ်စေလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်နေပါတယ်။ 

အိန္ဒိယမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေဟာ ၇ ဒသမ ၅ သန်း ကျော် ရှိနေပြီး ဒါဟာ ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် ဒုတိယအများဆုံး ကူးစက်မှုနှုန်း ဖြစ်ပါတယ်။ ယင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုဟာ မွမ်ဘိုင်းလိုမျိုး လူနေသိပ်သည်းတဲ့ မြို့ကြီးတွေကနေ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု အကန့်အသတ်နဲ့သာ ရှိနေတဲ့ ကျေးလက်ဒေသ အစုအဖွဲ့တွေဆီ ကူးစက်ပျံ့နှံ့ထားခဲ့ပါတယ်။ 

နာမည်ကျော် အိန္ဒိယ ၀တ္ထုစီးရီးတစ်ခုထဲက စုံထောက်ဇာတ်ကောင်တစ်ဦးရဲ့ နာမည်ကို အစွဲပြုပေးထားတဲ့ ဖယ်လူဒါ ဆိုတဲ့ ပြည်တွင်းထုတ် စစ်ဆေးကိရိယာကတော့ နေအိမ်မှာပဲ ကိုယ်ဝန်ရှိမရှိ စစ်ဆေးနိုင်တဲ့ စက္ကူအခြေခံစမ်းသပ်နည်းတစ်မျိုးနဲ့ ဆင်တူပြီး ရလဒ်အဖြေတွေကို တစ်နာရီအတွင်း ထုတ်ပေးနိုင်တယ်လို့ သိရပါတယ်။ 

ဒီစစ်ဆေးကိရိယာရဲ့ စရိတ်စက ကုန်ကျမှု နည်းပါးမှု၊ အလွယ်တကူ အသုံးပြုနိုင်မှုတို့ကြောင့် ဆင်းရဲပြီး ဝေးလံတဲ့ ဧရိယာတွေမှာ ဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးရာမှာ အကူအညီဖြစ်စေလိမ့်မယ်လို့ သုတေသီတွေက အ ကောင်းမြင်ထားပါတယ်။ 

“ဒီ စစ်ဆေးနည်းက ခေတ်မီ စက်ပစ္စည်းကိရိယာတွေ ဒါမှမဟုတ် သေချာလေ့ကျင့်သင်ကြားထားတဲ့ လူစွမ်းအားတို့ကို မလိုအပ်ပါဘူး” လို့ ယင်းစစ်ဆေးကိရိယာကို ပူးတွဲ ဖန်တီးသူတစ်ဦးဖြစ်တဲ့ နယူးဒေလီရှိ CSIR-မျိုးဗီဇနှင့် ပေါင်းစပ်ဇီဝဗေဒအင်စတီကျူ့ (IGIB) မှ သိပ္ပံပညာရှင် ဆိုဗစ်ခ် မိုင်တီက ပြောပါတယ်။ 

“အိန္ဒိယရဲ့ ဝေးလံခေါင်းပါးတဲ့ နေရာတော်တော်များများမှာဆိုရင် ခေတ်မီ ဓာတ်ခွဲခန်းတွေ ရှိမနေပါဘူး၊ ဒီ စစ်ဆေးကိရိယာက ဖြန့်ကျက်အသုံးပြုဖို့ တော်တော်လေး လွယ်ကူပါတယ်၊ ဒါက ထိုးဖောက်ရောက်ရှိမှုလည်း ပိုကောင်းပါလိမ့်မယ်” လို့ ၎င်းက ပြောသွားပါတယ်။ 

အိန္ဒိယမှာတော့ လက်ရှိအချိန်မှာ COVID-19 ရောဂါပိုး ရှိမရှိ ရှာဖွေဖော်ထုတ်ရာမှာတော့ တိကျမှုအားကောင်းပြီး အဆင့်မြင့် ဓာတ်ခွဲခန်း စက်အစိတ်အပိုင်းပစ္စည်းတွေ လိုအပ်တဲ့ RT-PCR (လူနာဆီကနေ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူပြီး ခေတ်မီစက်ကြီးတွေနဲ့ ကျွမ်းကျင်သူတွေက စစ်ဆေးခြင်း) နည်းပညာကို သုံးနေသလို ကုန်ကျစရိတ် အကန့်အသတ်နဲ့ မိနစ်ပိုင်းအတွင်း ရလဒ်ထုတ်ပေးနိုင်ပေမယ့် တိကျမှုပိုင်း သိသိသာသာ လျော့ကျတဲ့ ပဋိဇာတ် (antigen) စစ်ဆေးမှုကိုလည်း သုံးနေပါတယ်။ 

အခြားနိုင်ငံတွေမှာလည်း ထုတ်လုပ်နေတဲ့ စျေးသိပ်မကြီးတဲ့ စက္ကူ အခြေပြု စစ်ဆေးနည်းတွေလိုပဲ ဒီ ဖယ်လူဒါ စစ်ဆေးကိရိယာဟာဆိုရင် PCR စစ်ဆေးမှုရဲ့ တိကျမှု နဲ့ antigen kits တွေရဲ့ အလွယ်တကူအသုံးပြုနိုင်မှုတို့ကို ပေါင်းစပ်ထားတယ်လို့ သိရပါတယ်။ 

ယင်းကတော့ မျိုးဗီဇ ပြုပြင်တည်းဖြတ်မှု နည်းပညာ CRISPR-Cas9 ကို အသုံးပြုထားပါတယ်။ အဆိုပါ CRISPR-Cas9 နည်းပညာကို တီထွင်ဖန်တီးခဲ့သူတွေဖြစ်ကြတဲ့ ဂျနီဖာ ဒိုနာနဲ့ အီမန်နျူရယ် ချာပန်တီယာတို့ဟာလည်း ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို မကြာသေးခင်ကမှ ရထားခဲ့ကြပါသေးတယ်။ 

ဖယ်လူဒါ စစ်ဆေးကိရိယာကတော့ အစိုးရဆီက စည်းမျဉ်းဆိုင်ရာ အတည်ပြုချက် ရထားပြီးဖြစ်သလို ယင်းကို အိန္ဒိယလုပ်ငန်းစုကြီးဖြစ်တဲ့ Tata Group က လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း ဖြန့်ကျက်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီး ဟာ့ရှ် ဗာဒ်ဟန်က ပြီးခဲ့တဲ့အပတ်က ပြောထားခဲ့ပါတယ်။ 

အဆိုပါ သတ်မှတ်ကာလအတွင်းသာ ယင်းကို အသုံးပြုလို့ ရမယ်ဆိုရင် အိန္ဒိယဟာ ဒီလိုမျိုး စစ်ဆေးကိရိယာကို အလုံးအရင်းနဲ့ စတင် အသုံးပြုတဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံတွေအနက် တစ်နိုင်ငံ ဖြစ်လာမှာဖြစ်ပါတယ်။ 

ယင်းစစ်ဆေးကိရိယာရဲ့ တန်ဖိုးကို မထုတ်ပြန်ရသေးပေမယ့် ပြည်တွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ ယင်းဟာ ရူပီး ၅၀၀ (ဒေါ်လာ ၆ ဒသမ ၈၀) လောက် ကျသင့်နိုင်ပြီး ဒါကတော့ နယူးဒေလီမှာ PCR စစ်ဆေးမှုတစ်ခုရဲ့ ကုန်ကျစရိတ်ရဲ့ ငါးပုံတစ်ပုံခန့်နဲ့ ညီမျှပါတယ်။ 

လက်ရှိ စစ်ဆေးကိရိယာ ရှေ့ပြေးပုံစံကတော့ စီမံပြုလုပ်ဆောင်ရွက်မှုအတွက် PCR စက်တစ်ခု လိုအပ်ပေမယ့် သိပ္ပံပညာရှင်တွေကတော့ နေအိမ်မှာ အသုံးပြုလို့ရနိုင်မယ့် တံတွေး  ဒါမှမဟုတ် ကိုယ်တိုင် သလိပ်ယူနိုင်တဲ့ ဗားရှင်းတစ်ခုကို လုပ်ဆောင်နေကြောင်း IGIB က သိပ္ပံပညာရှင် ဒီဘိုယိုတီ ချာကရာဘော်တီက ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required