တရုတ်ကို စူးစိုက်အာရုံပြုလျက် အိန္ဒိယက မာလာဘာ စစ်ရေးလေ့ကျင့်မှုတွင် သြစတြေးလျ ပါဝင်ရန် ဖိတ်ခေါ် 

By Mint
20 October 2020
တရုတ်ကို စူးစိုက်အာရုံပြုလျက် အိန္ဒိယက မာလာဘာ စစ်ရေးလေ့ကျင့်မှုတွင် သြစတြေးလျ ပါဝင်ရန် ဖိတ်ခေါ် 

အောက်တိုဘာ ၂၀

လာမည့်လတွင် အမေရိကန် ၊ ဂျပန်တို့နှင့်အတူ ပြုလုပ်မည့် မာလာဘာ (Malabar) ရေတပ်စစ်ရေးလေ့ကျင့်မှုများတွင် ပူးပေါင်းပါဝင်ရန် သြစတြေးလျကို ဖိတ်ခေါ်ထားကြောင်း အိန္ဒိယက အောက်တိုဘာ ၁၉ ရက်တွင် ပြောသည်။ 

ယင်းသည် လက်ရှိ တိုးတက်ဖြစ်ပေါ်နေသည့် အနေအထားအပေါ် တရုတ်တို့ မည်သို့မည်ပုံ ရှုမြင်တွေးဆနိုင်မည်လဲ ဆိုသည်နှင့်ပတ်သက်၍ နယူးဒေလီဘက်က ယင်း၏ တုံ့ဆိုင်းမှုကို ခါချခဲ့သည့် လက္ခဏာရပ်လည်း ဖြစ်သည်။ 

လာဒက်တွင် နှစ်နိုင်ငံအကြား နယ်စပ်တစ်လျှောက် တင်းမာသော စစ်ရေးဆိုင်ရာ လိပ်ခဲတည်းလည်း အခြေအနေတစ်ခုအတွင်း အိန္ဒိယနှင့် တရုတ်တို့ ပါဝင်ပတ်သက်ထားခဲ့ပြီး ယခုကဲ့သို့ အချိန်ကိုက်ဖြစ်သည့် ဖိတ်ခေါ်မှုကတော့ ပေကျင်းအပေါ် ကျွဲပါးစောင်းတီး ဖြစ်မည်တော့ မဟုတ်ပေ။ တရုတ်တို့အနေဖြင့်ကလည်း “Quad” ဟု သိကြသော အိန္ဒိယ၊ ဂျပန်၊ အမေရိကန်နှင့် သြစတြေးလျတို့ အတူတကွ လာခြင်းက ယင်း၏ လွှမ်းမိုးမှုကို ထိန်းချုပ်ကန့်သတ်ရန် အားထုတ်မှုတစ်ခုအဖြစ် ရှုမြင်ထားသည့်အတွက်ကြောင့်လည်း ယခုကဲ့သို့ အိန္ဒိယ၏ ဖိတ်ခေါ်ချက်ကို တမင် ဆွသည့် အပြုအမူတစ်ခုအဖြစ် ပေကျင်းဘက်က ရှုမြင်နိုင်ဖွယ်ရာ ရှိကြောင်း အကဲဖြတ်များက ပြောသည်။ “အင်ဒို-ပစိဖိတ် နေတိုး (မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့အစည်း) အဖွဲ့ တစ်ခု ထူထောင်မည့် ဝါရှင်တန်၏ အားထုတ်မှု တစိတ်တဒေသအဖြစ် အုပ်စုဖွဲ့ခြင်းအပေါ် ပြီးခဲ့သည့်အပတ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပယ်ချသွားခဲ့သလို ထိုကဲ့သို့ လုပ်ဆောင်ခြင်းက ဒေသတွင်း လုံခြုံရေးကို အကြီးအကျယ် လှိုက်စားစေလိမ့်မည်ဟုလည်း သတိပေးခဲ့သည်။ 

သြစတြေးလျကို နယူးဒေလီဘက်က ဖိတ်ကြားခြင်းကလည်း အမေရိကန်တို့ ကြိုးပမ်းထားခဲ့သည့် အရာဖြစ်သည့် Quad အုပ်စုဖွဲ့ခြင်း၏ နောက်ဆုံးတွင် တရားဝင်ဖြစ်စေရန်အတွက် လမ်းတစ်ခု ခင်းပေးသလို ဖြစ်ဖွယ် ရှိသည်။ 

“မာလာဘာ ရေတပ် လေ့ကျင့်မှုတွေက ၁၉၉၂ ခုနှစ်မှာ အိန္ဒိယရေတပ်နဲ့ အမေရိကန် ရေတပ် နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုတစ်ခုအနေနဲ့ စခဲ့တာပါ၊ ၂၀၁၅ မှာ ဂျပန်က ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ ပူးပေါင်းပါဝင်ခဲ့တာပါ” ဟု အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ဌာန ထုတ်ပြန်ချက်တွင် ပြောသည်။ “အိန္ဒိယအနေနဲ့ကတော့ ပင်လယ်ရေကြောင်း လုံခြုံရေး နယ်ပယ်မှာ အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ကြိုးစားနေတာနဲ့အတူ သြစတြေးလျနဲ့အကြား ကာကွယ်ရေးဆိုင်ရာ တိုးမြှင့်ပူးပေါင်းဆောင်ရွက်နေမှုတွေအရ ဒီ မာလာဘာ ၂၀၂၀ မှာတော့ သြစတြေးလျ ရေတပ်ရဲ့ ပူးပေါင်းပါဝင်မှုကိုပါ မြင်ရမှာ ဖြစ်ပါတယ်” ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ “ဒီ လေ့ကျင့်မှုက ပူးပေါင်းပါဝင်တဲ့ နိုင်ငံတွေရဲ့ ရေတပ်တွေအကြား ညှိနှိုင်းဆောင်ရွက်မှုတွေ အားကောင်းစေပါလိမ့်မယ်၊ မာလာဘာ ၂၀၂၀ လေ့ကျင့်မှုမှာ ပါဝင်တဲ့သူတွေဟာ ပင်လယ်ရေကြောင်း နယ်ပယ်မှာ ဘေးကင်းမှုနဲ့ လုံခြံုမှုကို မြှင့်တင်ဖို့ ချိတ်ဆက်ပါဝင်လုပ်ဆောင်နေပါတယ်၊ သူတို့ဟာ လွတ်လပ်ပြီး၊ တံခါးဖွင့်ထားတဲ့ အလုံးစုံပါဝင်တဲ့ အင်ဒို-ပစိဖိတ် ဒေသကို စုပေါင်း ထောက်ခံသလို စည်းမျဉ်း အခြေပြု နိုင်ငံတကာ စနစ်တစ်ခုကိုလည်း ဆက်လက် ကတိပြုထားပါတယ်” ဟု ယင်းက ထုတ်ပြန်သည်။ 

“မာလာဘာလိုမျိုး အဆင့်မြင့် စစ်ရေးလေ့ကျင့်မှုတွေက သြစတြေးလျရဲ့ ပင်လယ်ရေကြောင်း လုပ်နိုင်စွမ်းတွေကို မြှင့်တင်ရာမှာ၊ ကျွန်မတို့ရဲ့ အနီးကပ် ပါတနာတွေနဲ့အကြား အချင်းချင်း ချိတ်ဆက်လှုပ်ရှားနိုင်စွမ်း တည်ဆောက်ရာမှာနဲ့ တံခါးဖွင့်ထားပြီး ဖြစ်ထွန်းစည်ပင်တဲ့ အင်ဒို-ပစိဖိတ်ဒေသတစ်ခုကို ထောက်ခံမယ့် ကျွန်မတို့ရဲ့ တစ်စုတစ်စည်းတည်းရှိတဲ့ စိတ်ပိုင်းဖြတ်မှုကို ထုတ်ဖော်ရာမှ အဓိကကျလှပါတယ်” လို့ သြစတြေးလျ ကာကွယ်ရေးဝန်ကြီး လင်ဒါ ရေးနိုးစ်က ကင်ဘာရာတွင် ထုတ်ပြန် ပြောကြားခဲ့သည်။ “ဒီ မာလာဘာ စစ်ရေးလေ့ကျင့်မှုကတော့ အဓိကကျတဲ့ အင်ဒို-ပစိဖိတ် ဒီမိုကရေစီနိုင်ငံ လေးခုအကြား နက်ရှိုင်းတဲ့ ယုံကြည်မှု ၊ ဘုံ လုံခြုံရေး အကျိုးတရားတွေအတွက် အတူတကွလုပ်ကိုင်သွားလိုမှု ဆန္ဒတွေကို ထုတ်ဖော်ပြသနေပါတယ်” ဟု သူမက ပြောသည်။ 

အောက်တိုဘာ ၆ ရက်က တိုကျိုတွင် “Quad” နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဒုတိယမြောက် အစည်းအဝေးအတွက် အိန္ဒိယ၊ ဂျပန်၊ အမေရိကန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ပူးပေါင်းဆွေးနွေးခဲ့သည့် သြစတြေးလျ နိုင်ငံခြားရေးဝန် ကြီး မာရိုက်စ် ပေးကလည်း ယခု ကြေညာချက်က သြစတြေးလျနှင့် အိန္ဒိယအကြား နက်ရှိုင်းလာနေသော ဆက်ဆံရေးအတွက် နောက်ထပ်အရေးကြီးသည့် ခြေလှမ်းတစ်ခုဖြစ်သည်ဟု ပြောသွားခဲ့သည်။ 

“ကျွန်မတို့ ဒေသတစ်လွှားမှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုကို ထိန်းထားနိုင်ဖို့အတွက် အိန္ဒိယ၊ ဂျပန်၊ အမေရိကန်နဲ့ သြစတြေးလျတို့ရဲ့ အတူတကွ လုပ်ဆောင်နိုင်စွမ်းကို ဒါက အားပေးနေပါတယ်” ဟုလည်း သူမက ပြောသည်။ 

မာလာဘာ စစ်ရေးလေ့ကျင့်မှုများတွင် သြစတြေးလျတို့ နောက်ဆုံး ပူးပေါင်းပါဝင်ခဲ့သည့် အချိန်က ၂၀၀၇ ခုနှစ်က ဖြစ်သည်။ သို့သော် ပေကျင်းဘက်က တရားဝင် ကန့်ကွက်လွှာ တင်မှုနှင့် ပူးပေါင်းပါဝင်သူ နိုင်ငံအချို့တွင် အစိုးရ အပြောင်းအလဲဖြစ်မှုများကြောင့် “Quad” အယူအဆနှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်းထားခဲ့ရသည်။ ယင်းနောက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံလေးခုမှ တာဝန်ရှိသူများ ဖိလစ်ပိုင်တွင် တွေ့ဆုံစဉ် “Quad”  ကို ပြန်လည် ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယင်းအချိန်တွင် စစ်ရေးလေ့ကျင့်မှုများတွင် သြစတြေးလျကို ထည့်သွင်းရန် နယူးဒေလီဘက်က ဝန်လေးနေပုံကို မြင်တွေ့ခဲ့ရပြီး ယင်းသည် ၂၀၁၇ ခုနှစ် စစ်ရေး လိပ်ခဲတည်းလည်းအခြေအနေတစ်ခုနောက်ပိုင်း နယူးဒေလီဘက်က ပေကျင်းနှင့် ဆက်ဆံရေး ပြန်ဆက်ရန် အားထုတ်နေခဲ့သည်ဟု အကဲဖြတ်များက ထောက်ပြပြောဆိုသည်။ 

ယခုအခါ အိန္ဒိယသည် သြစတြေးလျနှင့် ဆက်ဆံရေးကို  ပြည့်စုံကျယ်ပြန့်ပြီး မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုတစ်ခုသို့ အဆင့်မြှင့်တင်ခဲ့ခြင်း၊ နှစ်နိုင်ငံအကြား တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်ရေးအခြေစိုက်စခန်းများနှင့် ဆိပ်ကမ်းများကို ဝင်ထွက်ခွင့်ပြုသည့် အပြန်အလှန် ထောက်ပံ့ပို့ဆောင်မှု သဘောတူညီချက်တစ်ခု ဇွန်လက အပြီးသတ်မှုနှင့်အတူ ယခုအခါ စစ်ရေးလေ့ကျင့်မှုများတွင် သြစတြေးလျ ပူးပေါင်းပါဝင်ရန် အဆင့်သို့ ရောက်ရှိလာခဲ့ပုံ ပေါ်နေသည်။ ယင်းသည် အင်ဒို-ပစိဖိတ် ဒေသ နှင့် အိန္ဒိယ-တရုတ် နယ်စပ်တွင် တရုတ်တို့၏ သူ့ကိုယ်သူ ယုံကြည်လွန်းကြောင်း တိုးမြှင့် ထုတ်ဖော်နေသည့် အခါသမယနှင့်လည်း တိုက်ဆိုင်နေခဲ့သည်။ 

“ဒီ (သြစတြေးလျ ပါဝင်မှု) ဟာက အလားအလာ ရှိခဲ့တာပါ၊ ဒါပေမယ့် ဒါကို အပြီးသတ်ရာမှာ နှောင့်နှေးမှုကတော့ ကျွန်တော်ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ အိန္ဒိယအနေနဲ့ နယ်စပ်တင်းမာမှုတွေနဲ့ပတ်သက်လို့ တရုတ်နဲ့အကြား ခက်ခဲရှုပ်ထွေးတဲ့ ဆွေးနွေးမှုတွေကို ရှောင်ဖို့ ဒါကို အကောင်းဆုံးလို့ ထင်ခဲ့လို့ဖြစ်ပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ဟောင်း ကန်ဝဲ ဆီဘဲလ်က ပြောသည်။ “ဒီကြေညာချက်အရလည်း အိန္ဒိယအနနဲ့ ဆွေးနွေးမှုတွေဟာ ကြိုတင်မျှော်မှန်းထားခဲ့သလောက် အကျိုးဖြစ်နိုင်ဖို့ မရှိဘူးလို့ ထင်နေတယ်ဆိုတာကိုလည်း ပြသနေပါတယ်” ဟုလည်း ၎င်းက ပြောသည်။ 

နယူးဒေလီ အခြေစိုက် စောင့်ကြည့် သုတေသနဖောင်ဒေးရှင်းမှ အကဲဖြတ်တစ်ဦးဖြစ်သည့် အက်ဟီဂျစ် ဆင်းန်ကလည်း သြစတြေးလျကို ဖြည့်စွက်မှုက မှန်ကန်သော ဦးတည်ချက်အတိုင်း လုပ်ဆောင်မှုအဖြစ် သတ်မှတ်ပြောဆိုခဲ့သည်။ အင်ဒို-ပစိဖိတ်ဒေသတွင် အိန္ဒိယအနေဖြင့် ယင်း၏ ကတိပေးလုပ်ဆောင်ထားမှုများကို ခြေချလုပ်ဆောင်လိုသည်ဆိုသည့် လက္ခဏာတစ်ရပ်ကိုလည်း ပြသခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။ သို့သော် တရုတ်အနေဖြင့် ယင်းကို စွန့်စားမှုအန္တရာယ်များကို မြှင့်တင်သည့် အရိပ်လက္ခဏာတစ်ခုအဖြစ် အဓိပ္ပါယ် ကောက်ဖွယ် ရှိကြောင်း ၎င်းက သတိပေးသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required