အီရန် လက်နက်ကုန်သွယ်ခွင့် ပိတ်ပင်မှုနဲ့ပတ်သက်လို့ တရုတ်က အမေရိကန်ကို ဝေဖန်ပြစ်တင်

အီရန် လက်နက်ကုန်သွယ်ခွင့် ပိတ်ပင်မှုနဲ့ပတ်သက်လို့ တရုတ်က အမေရိကန်ကို ဝေဖန်ပြစ်တင်
Photo - AFP

အောက်တိုဘာ ၂၀

တရုတ်အာဏာပိုင်တို့က ၎င်းတို့ဆီမှာ အလွန် တာဝန်ရှိတဲ့ လက်နက်ကုန်သွယ်မှု မူဝါဒတစ်ရပ် ရှိနေတယ်လို့ ထုတ်ဖော်လိုက်ရင်း တချိန်တည်းမှာလည်းပဲ အမေရိကန်ဟာ နေရာတိုင်းမှာ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကို လှည့်လည်ရောင်းချနေတယ်လို့ တရုတ်က စွပ်စွဲသွားခဲ့ပါတယ်။

ဒီမတိုင်မီတုန်းကတော့ အီရန်အပေါ် လက်နက်ကုန်သွယ်ခွင့်ဆိုင်ရာ ကုလသမဂ္ဂရဲ့ ပိတ်ပင်မှု သက်တမ်းစေ့သွားခဲ့တဲ့နောက်ပိုင်း အီရန်ကို လက်နက်ရောင်းချမှုတွေ လုပ်တဲ့ မည်သူမဆိုအပေါ် အရေးယူဒဏ်ခတ်မှုတွေ လုပ် သွားမယ်လို့ ဝါရှင်တန်က ခြိမ်းခြောက်ထားခဲ့တာ ဖြစ်ပါတယ်။

အီရန်အပေါ် ကုလသမဂ္ဂရဲ့ လက်နက်ကုန်သွယ်မှု ပိတ်ပင်ချက်တစ်ခု ပြန်ရုပ်သိမ်းပြီးနောက်ပိုင်း အီရန်ထံ လက်နက်ရောင်းချမှုတွေအပေါ် ဆက်ပြီး ပိတ်ပင်သွားမယ်ဆိုပြီး အမေရိကန်ရဲ့ ပြောကြားမှုနဲ့ပတ်သက်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင် လီကျန်းက အခုလိုပဲ ပြန်လည် တုံ့ပြန်ပြောသွားခဲ့ပါတယ်။

“တရုတ်ရဲ့ စစ်ဘက်ဆိုင်ရာ ပို့ကုန် မူဝါဒတွေနဲ့ ကျင့်သုံးလုပ်ဆောင်မှုတွေက ကျွန်တော်တို့ရဲ့ မြင့်မားတဲ့ တာဝန်ယူမှု သဘောထားကို ထင်ဟပ်ပြသပါတယ်၊ ဆန့်ကျင်ဘက်အနေနဲ့ကတော့ အမေရိကန်ဟာ လက်နက်တွေ၊ ခဲယမ်း မီးကျောက်တွေကို နေရာတိုင်းမှာ လှည့်လည်ရောင်းချနေတာပါ၊ နောက်ပြီး ပထဝီနိုင်ငံရေးဆိုင်ရာ အကျိုးတရားတွေအတွက် စစ်ဘက်ကုန်သွယ်မှုကို အသုံးပြုနေတာပါ၊ ယုတ်စွအဆုံး အခြားနိုင်ငံတွေရဲ့ ပြည်တွင်း ရေး ကိစ္စတွေကိုလည်း ပွင့်ပွင့်လင်းလင်း ဝင်စွက်ဖက်ပါတယ်၊ ပြီးတော့ လက်နက် ကုန်သွယ်မှု စာချုပ်ကနေလည်း နုတ်ထွက်နေပါတယ်၊ ဒီတော့ အမေရိကန်အနေနဲ့ တရုတ်အပေါ် တာဝန်မဲ့တဲ့ မှတ်ချက်တွေ ပေးပိုင်ခွင့် မရှိပါဘူး” လို့ ၎င်းက ပြောသွားပါတယ်။

ဟောင်ကောင်မှာ ရှိတဲ့ ကနေဒါနိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ သဘောထားမှတ်ချက်တွေအတွက် တရုတ်သံအမတ်ဆီက တောင်းပန်မှုကို တောင်းဆိုနေတဲ့ ကနေဒါအတိုက်အခံခေါင်းဆောင်တွေရဲ့ ပြောစကားနဲ့ ပတ်သက်လို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင် လီကျန်းက အခုလို ပြန်လည် တုံ့ပြန်ပြောသွားခဲ့ပါတယ်။

“ဒီကိစ္စကတော့ ကနေဒါ မီဒီယာတစ်ခုက ကနေဒါဆိုင်ရာ တရုတ်သံအမတ်ကြီးရဲ့ စကားတွေကို မလိမ့်တစ်ပတ်လုပ်ခဲ့တာပါ၊ ကနေဒါ ခေါင်းဆောင်တွေဟာ ဒါကို မှန်ကန်ကြောင်း အတည်ပြုတာမျိုး မလုပ်ခဲ့ပါဘူး၊ ဒါ့အပြင် သူတို့ဟာ ပြည်တွင်းမှာ တရုတ်ဆန့်ကျင်ရေး အမြင်တွေကို မသိကျိုးကျွန်ပြုပြီး အလိုဖြည့်ပေးခဲ့တာပါ၊ ပြီးတော့ တရုတ်ကိုလည်း အခြေအမြစ် မရှိ ဝေဖန်ခဲ့ပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဒါကို တော်တော်လေးကို မကျေမနပ် ဖြစ်ရသလို ဒီအပေါ်မှာလည်း အခိုင်အမာ ဆန့်ကျင်ပါတယ်၊ ကျွန်တော်တို့ ခု တင်းမာခက်ထန်တဲ့ တင်ပြတောင်းဆိုချက်တစ်ခု ကနေဒါဘက်ကို တင်ထားပါတယ်” လို့ ၎င်းက ပြောသွားပါတယ်။

အလားတူ ဖီဂျီနိုင်ငံမှာ တိုင်ပေ အမျိုးသားနေ့ အထိမ်းအမှတ် သံတမန် ဧည့်ခံပွဲတစ်ခုအတွင်း တိုင်ပေနဲ့ တရုတ် တာဝန်ရှိသူတွေအကြား အချင်းများမှုဖြစ်စဉ်နဲ့ပတ်သက်လို့လည်း ကျောင် လီကျန်းက တုံ့ပြန်ပြောဆိုသွား ခဲ့ပါတယ်။ “ အဲဒီနေ့ ညနေခင်းက တိုင်ပေ အဖွဲ့အစည်း (ဖီဂျီရှိ တိုင်ပေ ကုန်သွယ်ရေးရုံး) က အမှုထမ်းတွေက တရုတ်သံရုံးအမှုထမ်းတွေကို တမင် ရန်စတဲ့ ပြောဆိုမှုတွေ လုပ်ခဲ့သလို ကိုယ်ထိလက်ရောက်လည်း တိုက်ခိုက်ခဲ့ ပါတယ်၊ တရုတ်သံရုံးအမှုထမ်းတွေက အဲဒီတူညီတဲ့ ဟိုတယ်ရဲ့ အများပြည်သူဆိုင်ရာ ဧရိယာအတွင်းမှာ သူတို့ရဲ့ ပုံမှန် တရားဝင် အလုပ်တာဝန်တွေကို ထမ်းဆောင်နေခဲ့ကြတာပါ၊ အဲဒီလိုဖြစ်တော့ တရုတ်သံတမန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်” လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly