အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကိုလျစ်လျူရှုကာ လုပ်ငန်းတွေ ပုံမှန်အတိုင်းလည်ပတ်

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကိုလျစ်လျူရှုကာ လုပ်ငန်းတွေ ပုံမှန်အတိုင်းလည်ပတ်
Photo - AFP

အောက်တိုဘာ ၂၀  

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအများဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိလာနိုင်မယ့်အနေအထားဖြစ်နေပေမယ့်လည်း မဟာရာ့ရှ်ထရာပြည်နယ် စက်ရုံတွေကစလို့ ကာလကတ္တားရဲ့ ကြိတ်ကြိတ်တိုးနေတဲ့ ဈေးတွေအထိ  လုပ်ငန်းတွေဟာ  ပုံမှန်အတိုင်း လည်ပတ်နေကြပြီး ပြည်သူတွေဟာ ပွဲတော်ရာသီအတွက် ကပ်ရောဂါကို မေ့ပျောက်ဖို့ စိတ်အားထက်သန်နေကြပါတယ်။  

မတ်လတုန်းက ချမှတ်လိုက်တဲ့တင်းကျပ်တဲ့လော့ဒေါင်းတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အငတ်ဘေးဆိုက်လုနီးပါးကြုံပြီးတဲ့နောက် ကမ္ဘာ့လူဦးရေဒုတိယအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ အစိုးရနဲ့ပြည်သူတွေဟာ ဘဝတွေကို ဆက်လက်ရှင်သန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။  

အမေရိကန်လူဦးရေဟာ အိန္ဒိယရဲ့ လေးပုံတစ်ပုံသာရှိပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းက အိန္ဒိယရဲ့နှစ်ဆဖြစ်နေပြီဖြစ်ပါတယ်။  

သေဆုံးမှုနှုန်းဟာလည်း ချမ်းသာတဲ့နိုင်ငံတွေမှာ အများဆုံးဖြစ်နေပြီး အသက်ကြီးပိုင်းတွေက ရောဂါဒဏ်ကို ပိုမိုခံစားနေကြရပါတယ်။

ကာလကတ္တားဒေသခံတစ်ဦးဖြစ်သူ ဂါဂျီမူခါဂျီးက “ အခုအချိန်မှာ အသက်ရှင်ဖို့အတွက် လူတွေအပြင်ထွက်ပြီး အလုပ်,လုပ်မှရမှာပါ။ အလုပ်မရှိရင် ဝင်ငွေမရှိဘူး။ ဝင်ငွေမရှိရင် ကျွန်မတို့ မိသားစုကို မကျွေးနိုင်ပါဘူး” လို့ပြောပါတယ်။

နီရှာဆိုသူ အမျိုးသမီးငယ်တစ်ဦးကလည်း “ပတ်ဝန်းကျင်မှာက မြင်တဲ့အတိုင်းပါပဲ လူတွေက ဘာမှမဖြစ်သလိုမျိုး ဈေးတွေဝယ်နေကြတာပါ။ ပြောင်းလဲသွားတာဆိုလို့ ပါးစပ်နှာခေါင်းစည်းတွေ တပ်ထားတာပဲရှိတယ်။ မဟုတ်ရင် ပုံမှန်အခြေအနေလိုပါပဲ” လို့ပြောပါတယ်။  

စက်မှုအင်ဂျင်နီယာပါမောက္ခဖြစ်တဲ့ အေမာဒီပါက သူ့အမြင်ကို ခုလိုပြောပါတယ်။

“အစိုးရက ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုထိန်းချုပ်ဖို့ စိတ်အားထက်သန်စွာနဲ့လုပ်နေပေမယ့် လူတွေက စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာကြပါဘူး။ လူတွေက အုပ်စုလိုက် စုဝေးနေကြတာကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်” လို့ဆိုပါတယ်။

အောက်တိုဘာနဲ့နိုဝင်ဘာလတွေဟာ ဒါဂါပူဂျာ၊ ဒက်ဆာရာနဲ့ ဒီပါဝလီ စတဲ့ဟိန္ဒူပွဲတော်ရာသီဖြစ်တဲ့အတွက် တန်ဖိုးကြီးပစ္စည်းတွေကို လျှော့ဈေးနဲ့ဝယ်ယူနိုင်ကြလို့ ဈေးတွေမှာ လူစည်ကားနေတာကြောင့် ကူးစက်မှုတွေ သိသိသာသာမြင့်တက်လာနိုင်တယ်ဆိုပြီး ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားကြပါတယ်။  

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ခုနစ်သန်းကျော်ရှိပြီး သေဆုံးနှုန်းက ၁.၅ ရာခိုင်နှုန်းသာရှိတာကြောင့် သန့်ရှင်းမှုအားနည်းပြီး ကျန်းမာရေးစနစ်မကောင်းတဲ့ လူထူထပ်တဲ့မြို့ကြီးတွေကို ကိုရိုနာဗိုင်းရပ်စ်က ဆိုးဆိုးရွား ရွား ပျက်စီးစေလိမ့်မယ်လို့သတိပေးခဲ့သူတွေကို အံ့အားသင့်စေခဲ့ပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေဟာ စီးပွားရေးထိခိုက်မှုကို ပိုမိုတွေ့ကြုံနေရပြီး ကမ္ဘာတစ်ဝှမ်း လူသန်းပေါင်း ၁၅၀ လောက် အလွန်အမင်းဆင်းရဲတွင်းနက်သွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပြောဆိုခဲ့ပါတယ်။

အိန္ဒိယရဲ့ ဂျီဒီပီဟာ ဒီနှစ်မှာ ၁၀.၃ % အထိ ကျဆင်းသွားနိုင်တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထားပြီး ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးဝါးဆုံးဖြစ်ကာ ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲမှာ အကြီး မားဆုံး စီးပွားရေးကျဆင်းမှုဖြစ်တယ်လို့ ပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly